ယဉ်ကျေးမှုနှင့် ဆန့်ကျင်ပြီး တေးသီချင်းရိုက်ကူးသူများကို အရေးယူ

0
146

မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ကာ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးသရုပ်ဆောင်ပြကွက်များကို ရိုက်ကူးခြင်းကြောင့် “မောင်လေးစုပ်”တေးသီချင်းဗီဒီယို၏ စီစဉ်သူဒါရိုက်တာ နှင့် အမျိုးသား၊ အမျိုးသမီးများအား ညစ်ညမ်းမေးခွန်းများကို လိုက်လံမေးမြန်း၍ လူမှုကွန်ရက်စာမျက်နှာများ၌ ထုတ်လွှင့်ပြသသည့် သက်ဆိုင်သူတို့အား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

“မောင်လေးစုပ်” တေးသီချင်းဗီဒီယိုကို စီစဉ်ရိုက်ကူးခဲ့သူဒါရိုက်တာ ရွှေလက်အောင်မင်းကို ရန်ကုန်မြို့၊ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိခြင်း ဖြစ်သည်။

ထိုနည်းတူ လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းမေးခွန်းများကို အမျိုးသား၊ အမျိုးသမီးများအား လိုက်လံမေးမြန်း၍ အီလက်ထရောနစ်ဆက်သွယ်ရေးနည်းပညာအသုံးပြုကာ လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူများကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က)ဖြင့် ရန်ကုန်မြို့၊ မရမ်းကုန်း မြို့မရဲစခန်း၌ သက်ဆိုင်ရာက အမှုဖွင့်လှစ်ထားရှိထားကြောင်းလည်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သည့် ညစ်ညမ်းသောအပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့် ပတ်သက်ပြီး ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်များကိုတည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သတိပေးတားမြစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလကလည်း ” စောင့်ပက် ” သီချင်းနှင့် ” စကားလေးတစ်ခွန်းပဲဖြေ ချစ်လား ” သီချင်း၊ ဘီယာဗိုက် “သီချင်း သီဆိုသူ၊ ပါဝင်သရုပ်ဆောင်သူများကို ဗဟန်းမြို့မရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က)အမှုဖွင့်ဖမ်းဆီးအရေးယူထားသလို “အချစ်ခံကြည့်” တေးသီချင်းဗီဒီယိုနှင့် ပက်သက်သည့် ဗညားဘုန်းပြည့်၊ ဇာတ်ညွှန်းရေးသားသူ ရွှေဆုတို့ကိုလည်း သက်ဆိုင်သူများကို ဥပဒေနှင့်အညီ ဖမ်းဆီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here