မြဝတီမြို့တွင် သောင်ရင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက်အချို့ရေဝင်ရောက်နေ

0
99

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ဇူလိုင်(၂၅)ရက် ညပိုင်းအချိန်က သောင်ရင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေး ရပ်ကွက်အချို့ ရေနစ်မြှပ်နေပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဒေသတွင်း မိုးရက်ဆက်ရွာခဲ့ခြင်းကြောင့် ယမန်နေ့ ညပိုင်းမှစတင်၍ သောင်ရင်းမြစ်ရေ မြစ်တက်လာရာမှ ယနေ့ဇူလိုင်(၂၆)ရက် နံနက်ပိုင်းအချိန်တွင် ရပ်ကွက်များအတွင်း ရေနစ်မြှမ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြဝတီအမှတ်(၁)ချစ်ကြည် ရေးတံတားအနီး ရပ်ကွက်အပါအဝင် သံပုံဂိတ်နှင့် မြစ်နှင့်ထိစပ်နေသည့် မြေနိမ့်ပိုင်းများတွင် ရေဝင်ရောက်နေဖြစ်ဖြစ်ကြောင်းသိရသည်။

“သောင်ရင်းမြစ်နဲ့ ကပ်နေတဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်နေပါပြီ။ လောလောဆယ်ဒီလောက်ပဲ ပြောလို့ရမယ်။သောင်ရင်းမြစ်နဲ့ ထိစပ်နေရာအားလုံးရဲ့မြေနိမ့်ပိုင်းတွေ ရေမြှပ်နေပါတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ‌ရှင်းပြသည်။

လက်ရှိတွင် ရေဘေးသင့်ဒေသခံများအား ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးနေပြီး၊ မြို့ပေါ်ရှိ ရပ်ကွက်အလိုက်နီးစပ်ရာဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင်ခိုလှုံနေကြရကြောင်း သိရသည်။

ဒေသခံရပ်မိ ရပ်ဖအချို့က ရေဘေးသင့်ပြည်သူများအား နေရာကျယ်ဝန်းသော မြဝတီ ကျောက်လုံးကြီး လူကယ်ပြန်စခန်းတွင် ထားရှိပါက ကျန်းမာရေးနှင့်စားသောက်ရေးအတွက် တစ်စုတစ်စည်းတည်းဖြစ်နိုင်ပြီး ထောက်ပံ့မှုမှုများအတွက် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေသည်ဟု မှတ်ချက်ပြုပြောဆိုကြသည်။

ဓာတ်ပုံ -CJ


LEAVE A REPLY

Please enter your comment!
Please enter your name here