ကညင်ကုန်းကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှု အိမ်ခြေ (၃၄)လုံး အလုံးစုံပျက်စီးခဲ့ပြီး (၃၇)လုံးမှာ အမိုးအကာများ ပျက်စီး

0
78

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်များပေါ်သို့ သစ်ပင်ကြီးများ လဲကျပြီး အိမ်ခြေ (၃၄)လုံး အလုံးစုံ ပျက်စီးခဲ့ပြီး (၃၇)လုံးမှာ အမိုးအကာများ ပျက်စီးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် Yangon Rescue Organization တို့ထံမှ သိရသည်။

ယနေ့ ဇူလိုင် (၂၆)ရက်၊ နံနက် (၄)နာရီ (၄၄)မိနစ်အချိန်ခန့်က ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကွမ်းခြံကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ကော့မှူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ Yangon Rescue Organization နှင့် ဒေသခံများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာ လေဘေးသင့် ပြည်သူများအား ရွှေ့ပြောင်းပေးခြင်း၊ သစ်ပင်များလဲကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားရာ ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်ခံရ၍ အိမ်ခြေ (၃၄)လုံး အလုံးစုံပျက်စီးပြီး (၃၇)လုံး အမိုးအကာ ပျက်စီးခဲ့ရသဖြင့် လေဘေးသင့် ပြည်သူ (၃၄၂) ဦးအတွက် အမိုးအကာ တာပေါ်လင်နှင့် အဝတ်အစားများ လိုအပ်နေကြောင်းလည်း သိရသည်။

Photo – ကိုမင်းဦး


LEAVE A REPLY

Please enter your comment!
Please enter your name here