ရေနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်ဆီးခဲ့သည့် မိုးစပါးစိုက်ဧရိယာများအတွက် မျိုးစပါး ၊ မြေဩဇာများ နှင့် စိုက်ပျိုးရေးဆေးများ ပံ့ပိုးပေးသွားမည်ဟု MRF ပြော

0
319

မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ရေနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်ဆီးခဲ့သည့် မိုးစပါးစိုက်ပျိုး ဧရိယာများအတွက် မျိုးစပါး ၊ မြေဩဇာများ နှင့် စိုက်ပျိုးရေးဆေးများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဇူလိုင် (၂၆) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးစပါးစိုက်လယ်မြေအချို့တွင် ရေကြီးနစ်မြှုပ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး အချို့နေရာဒေသများတွင် ရေများပြန်လည်ကျဆင်းပြီးဖြစ်သော်လည်း အချို့နေရာ‌ဒေသများတွင် ရေနစ်မြှုပ်ဆဲဖြစ်ကာ ထိခိုက်ပျက်ဆီးမှုအချို့ရှိကြောင်း သိရသည်။

ထိုသို့ ထိခိုက်မှုဖြစ်ပေါ်သည့် မိုးစပါးဧရိယာများတွင် အထွက်နှုန်းမကျစေရေးအတွက် သွင်းအားစုမြေဩဇာများနှင့် ဆေးများ ထည့်သွင်းနိုင်ရေးအတွက်လည်းကောင်း၊ ပြန်လည်စိုက်ပျိုးရန် လိုအပ်သောနေရာများတွင် ရာသီချိန်မီပါက စပါးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက်လည်းကောင်း၊ လိုအပ်သည့် မျိုးစပါး ၊ မြေဩဇာများ နှင့် စိုက်ပျိုးရေးဆေးများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ အသင်းဝင်ကုမ္ပဏီများအနေဖြင့် တတ်နိုင်သမျှဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒေသကော်မတီများနှင့် ညီနောင်အသင်းခွဲများသို့ ဆက်သွယ်၍ဖြစ်စေ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်၍ဖြစ်စေ ဆက်သွယ်ညှိနှိုင်းတင်ပြ အသိပေးနိုင်ရန်နှင့် အမှန်တကယ်လိုအပ်မှုရှိသော နေရာဒေသများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here