မိုဘိုင်းဆက်သွယ်ရေး အသုံးပြု၍ အစိုးရ၏ ဝန်ဆောင်မှုများကို ပြည်သူများ ရယူအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိဟု နစက ဥက္ကဌ ပြောကြား

0
129

မိုဘိုင်းဆက်သွယ်ရေးအသုံးပြု၍ အစိုးရ၏ ဝန်ဆောင်မှုများကို ပြည်သူများ နေရာအနှံ့အပြားက ရယူအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ယမန်နေ့ ဇူလိုင်(၂၆)ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည် e-Government ဦးဆောင်ကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အစိုးရ၏ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများကိုအစိုးရဝန်ကြီးဌာနများ အသီးသီး၏ အင်တာနက်စာမျက်နှာများမှတစ်ဆင့် ပြည်သူများလွယ်ကူချောမွေ့စွာရရှိနိုင်ရန် ဖြန့်ဖြူးပေးခြင်းများကို ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း ဆိုသည်။

အလားတူ နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် လုံခြုံစိတ်ချရသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများပေးနိုင်ခြင်းဆိုသည့် အချက်ပေါ်တွင် မှီတည်နေကြောင်း၊ လူတစ်ဦးချင်းနှင့် လူအဖွဲ့အစည်းများအတွက် ဒီဂျစ်တယ်နည်းပညာ၏ ခြိမ်းခြောက်မှုနှင့် အန္တရာယ်များ‌ လျော့ပါးလာစေရေးနှင့် ပြည်သူဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို မျက်ခြေမပြတ် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သည်ဟု တိုက်တွန်းထားသည်။

သို့သော် တစ်ဖက်တွင် ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာရာဇဝတ်မှုများမြင့်တက်လာသဖြင့် အစိုးရအနေဖြင့်ဆိုက်ဘာလုံခြုံရေးနှင့် စပ်လျဉ်းသည့် အန္တရာယ်များနှင့် ရင်ဆိုင်လာရပြီး လုံခြုံရေးအစီအမံများကို ထိရောက်စွာ အကောင်အထည်ဖော်လျှက်ရှိကြောင်းပြောကြားသည်။

ထို့ကြောင့် ယခင်ဆယ်စုနှစ်များက ကြိုးပမ်း အကောင်အထည်ဖော်ခဲ့သည့် e-Government ၏ ပုံရိပ်ကို တိုးမြှင့်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်သွားကြရန်လိုအပ်သည်ဟု မှာကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂကထုတ်ပြန်သည့် e-Participation Index (EPI)တွင် ၂၀၁၆ ခုနှစ်၌ အဆင့် (၁၇၀) ရှိရာမှ ၂၀၂၂ ခုနှစ်၌အဆင့် (၁၁၇)အထိ (၅၃) ဆင့် တိုးတက်လာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here