မိုးရွာသွန်းပြီး လမ်းပိုင်းများပျက်စီးမှုကြောင့် မြဝတီ-ကော့ကရိတ်သွားလမ်းများအားလုံးပိတ်ဆို့နေ၊ တံတားကျိုးဂိတ်တွင် ကားရာနှင့်ချီ ရပ်နားနေရ

0
80

ကရင်ပြည်နယ်အတွင်း မိုးရက်ရှည်ရွာသွန်းမှုကြောင့် မြဝတီ-ကော့ကရိတ်လမ်းပိုင်းသွား ယာဉ်များလုံးဝသွားလာ၍ မရတော့ဘဲ ကျုံဒိုးနှင့် ကော့ကရိတ်မြို့အကြားရှိ တံတားကျိုး စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကားရာနှင့်ချီ၍ ရပ်နားထားကြရကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

မြဝတီသို့ သွားရာလမ်းများဖြစ်သည့် ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်းနှင့် ကြက်ဥတောင်လမ်းတို့မှာ ယခင်လမ်းပိုင်းပျက်စီးနေမှုထက် ပိုမိုပျက်စီးလာခြင်း၊ တောင်ကျရေကြောင့် လမ်းပိုင်းရေလျံခြင်းများဖြစ်‌ပွားနေသဖြင့် သွားလာ၍ မရတော့ကြောင်းသိရသည်။

ထို့ကြောင့် အရင် ဒေါနတောင်တက်လမ်းပိုင်းတစ်ခုကိုသာ အားပြုသွားလာနေကြသော်လည်း ယင်းပိုင်းအတွင်းတွင်လည်း ယာဉ်များပျက်စီးမှုဖြစ်ပွားနေသဖြင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။

“ရှိတာက လေးလမ်းဗျာ သုံးလမ်းက ရာသီဥတုကြောင့် သွားမရတော့ဘူး။ ဒေါနတောင်တက်လမ်းကလည်း တောင်ပေါ်က အယ်ဗိုလ်တဲမှာ ပိတ်မိနေတာတွေရှိနေတော့ ထပ်တက်မယ့်ကားတွေက တက်မရဘူး။ တံတားကျိုးဂိတ်အကုန်စုပုံ နားနေရတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

လက်တလော မြဝတီမြို့ သောင်ရင်းမြစ်ရေသည်လည်း (၁၃၃၈)စင်တီမီတာတွင်ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိ‌နိုင်သည်ဟု မိုးဇလက အသိပေးထားသည်။

” မြဝတီကနေ အောက်ဆင်းမယ့် ကားတွေမရှိဘူး။ တက်လာတဲ့ကားတွေလည်းမရှိသလောက်ဘဲဗျ။ တက်လာလည်း မြို့မှာရေကြီးနေတော့ ရပ်ထားရမှာဘဲ။”ဟု မြဝတရှိဒေသခံတစ်ဦးကဆိုသည်။

ထို့အပြင် ဇူလိုင်လ (၂၅) ရက်နေ့ နံနက်ပိုင်းအချိန်က မြဝတီ-ထို့ကော်ကိုး-နဘူး-သရက်တော-ထီလုံ-ဘားအံကားလမ်းပေါ်ရှိ နောင်ခွီးချဉ်းကပ်တံတားမှာ ရေတိုက်စားကာ ပြိုကျမှုဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here