မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းအခက်အခဲများကြောင့် ခေတ္တ ရပ်နားထားရဟုဆို

0
135

မိုးသည်းထန်စွာရွာသွန်းမှုနှင့် ကရင်ပြည်နယ်၊ ဘားအံ – ထီလုံ – သရက်တော – နဘူး – ထို့ကော်ကိုး – မြဝတီလမ်းပေါ်ရှိ နောင်ခွီးတံတား တစ်ဘက်တစ်ချက်ရှိ ချဉ်းကပ်လမ်း မြေသားများ ပြိုကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်နားထားရကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

အဆိုပါလမ်းပိုင်းပျက်စီးမှုကြောင့် ကုန်ကားများရာနှင့်ချီပိတ်မိနေပြီး လက်ရှိတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းနေကြောင်း၊မိုးတွင်းကာလတွင် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် အခက်အခဲများစွာရှိကြောင်း၊ ထို့ပြင် ကုန်တင်ကားခသည်လည်းပုံမှန်ထက်နှစ်ဆပိုပေးရကြောင်း သိရသည်။

” မိုးတွင်းကာလက လုပ်ရတာအဆင်မပြေဘူး။ ခဏခဏရေကြီးတယ်၊မြေပြိုတယ် အဆင်မပြေဘူး။ ပြီးတော့ တောလမ်းဘက်ကနေကားတွေသွားရတာအဆင်မပြေဘူး။ ခန့်မှန်းကြာချိန်ထက်ကုန်အဝင်က ကြာသွားတာတွေကြောင့် ဈေးကွက်ထဲပစ္စည်းရောက်တာကြာတာပေါ့” ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ကော့ကရိတ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိ မြဝတီ-အာရှလမ်းတစ်လျှောက် သွားလာခွင့်ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် အာရှလမ်းအသုံးရန်ခက်ခဲသဖြင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန် လူစီးယာဥ်များနှင့် ပစ္စည်းသယ်ယာဥ်ငယ်အချို့က မြဝတီ-ကော့ကရိတ်သွား ဒေါနတောင်လမ်းဟောင်း ထို့ကော်ကိုးလမ်းအား အစားထိုးအသုံးပြုနေရခြင်းဖြစ်ကာ အဆိုပါလမ်းဟောင်းသည်လည်း ကျဥ်းမြောင်းပြီး ယာဥ်ငယ်များသာ သွားလာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here