ဘီးလင်းမြစ်ရေ ပြန်ကျပြီဖြစ်သဖြင့် မစောတံတားမှ ကားကြီး၊ ကားသေးများ အားလုံး ပြန်လည် ဖြတ်သန်းသွားလာနိုင်ပြီ

0
74

ဘီးလင်းမြစ်ရေ ပြန်ကျပြီဖြစ်သဖြင့် မွန်ပြည်နယ် ဘီးလင်းမြို့ ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်ရှိ မစောတံတားအား ဇူလိုင် (၂၆)ရက် ညနေ (၇)နာရီအချိန်မှ စတင်၍ ကားကြီး၊ ကားသေးများ အားလုံး ပြန်လည် ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

မစောတံတားမှာ ဇူလိုင် (၂၅)ရက် ညပိုင်းမှ စတင်၍ မိုးကြီးပြီးတောင်ကျရေများ ကားလမ်း‌ပေါ် ရေကျော်နေရာ ရေစီးလည်း အလွန်သန်နေပြီး ကားကြီး၊ ကားသေးများ သွားလာ၍ မရတော့သောကြောင့် ကားလမ်းပိုင်း ခေတ္တပိတ်ထားခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ဇူလိုင် (၂၆)ရက် ညနေပိုင်းမှ စတင်၍ ဘီလင်းမြစ်ရေ အနည်းငယ်ပြန်ကျလာသောကြောင့် ညနေ(၅)နာရီတွင် ကုန်တင်ကားကြီးများနှင့် ခရီးသည်တင်ကားကြီးများအား ရှေ့နောက်တန်းစီ၍ ဖြတ်သန်းခွင့်ပြုခဲ့ပြီးနောက် ည (၇)နာရီတွင် အိမ်စီးယာဉ်ငယ်နှင့် အခြားယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြု ခဲ့ကြောင်း သိရသည်။

ထိုသို့ ဘီလင်းမြစ်ရေ မြင့်တက်လာရာ ဘီးလင်းမြို့အနိမ့်ရပ်ကွက်များနှင့် ဘီးလင်းမြစ်ကမ်း တစ်လျှောက် ကျေးရွာများ ရေနစ်မြှုပ်မှု ဖြစ်ပွားလျက်ရှိကာ၊ ဒေသခံများ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေပြီး စားသောက်ရေးအတွက် ဒေသတွင်း ပရဟိတအဖွဲ့များ ကူညီပေးလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ် (၁၀၂၂)စင်တီမီတာဖြစ်ရာ ယနေ့ ဇူလိုင် (၂၇)ရက် နံနက် (၆)နာရီ အချိန် တိုင်းတာချက်အရ (၁၀၆၁)စင်တီမီတာသို့ အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် ပြည်သူများအနေဖြင့် အထူးသတိပြုကြရန်နှင့် ရုတ်တရက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာပါက အရေးပေါ် ဆက်သွယ်ရန် လူမှုကယ်ဆယ်ရေးအဖွဲများမှလည်း သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here