ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူးနှင့် ဒိုက်ဦးမြို့တွင်း အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေများ စတင်ဝင်ရောက်

0
174

ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြစ်ရေ မြင့်တက်လျက်ရှိကာ ပဲခူး နှင့် ဒိုက်ဦးမြို့တွင်း အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေများ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ဇူလိုင် (၂၇) ရက်၊ နံနက် (၃) နာရီမှ စတင်၍ ပဲခူးမြို့တွင်း အနိမ့်ပိုင်း ရပ်ကွက်များ၊ ပဲခူးမြို့ ထူးဆီဆိုင်ရှေ့၊ ဒိုက်ဦးပြည်သူ့ဆေးရုံ၊ ဒိုက်ဦးမြို့မဈေးကြီး ၊ ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်းတို့တွင် ရေကြီးနစ်မြုပ်မှုများရှိနေပြီး ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် စံရွေးရာ အမှတ် (၂) တံတားမှာလည်း ဇူလိုင် (၂၆) ရက်က ကျိုးကျသွားခဲ့ရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်အတွင်း ဇူလိုင် (၂၇)ရက်၊ နံနက် (၈)နာရီ (၃၅)မိနစ်အချိန်ခန့်က တောင်ကျ ချောင်းရေများ စီးဆင်းမှုကြောင့် ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၁၂/၄)နှင့် (၁၁၂/၈)အကြား၊ မိုင်တိုင်အမှတ်(၁၁၃/၁)နှင့် (၁၁၃/၄) အကြား လမ်းမပေါ်တွင် ရေကျော်နေကြောင်း သိရသည်။

ထိုသို့ ရေကျာ်နေမှုကို အုတ်ဖိုမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခရီးသွားပြည်သူများ သွားလာရလွယ်ကူစေရေး ကူညီပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးမြစ်ရေမြင့်တက်လာရာ ပဲခူးမြို့နယ်၊ ကျောက်ကြီးစု ရပ်ကွက်ရှိ ကျောက်ကြီးစုတာဘောင်ကြံ့ခိုင်ရေးနှင့် ပန်းလှိုင်ရပ်ကွက်ရှိ ပန်းလှိုင်တာဘောင်ကြံ့ခိုင်ရေး ဇူလိုင်(၂၅)ရက်၊ ဇူလိုင်(၂၆)ရက်၊ ဇူလိုင် (၂၇)ရက်တို့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ သဲအိတ်များဖြင့် တာဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။

ပဲခူးမြစ်ရေမှာ ပဲခူးမြို့ စိုးရိမ်ရေအမှတ် ၂၈.၈၇ ပေ (၈၈၀) စင်တီမီတာဖြစ်ပြီး ၃၀.၇၄ ပေ (၉၃၇) စင်တီမီတာတွင် ရော က်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ ယနေ့ ဇူလိုင် (၂၇)ရက်၊ နေ့လယ် (၁၂)နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မြစ်ရေမှာ နောက် (၁)ရက်အတွင်း (၂)ပေခန့် မြင့်တက်နိုင်ပြီး စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနေနိုင်သဖြင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုး/ဇလမှ အကြံပြုထုတ်ပြန်ထားသည်။

ယနေ့ညနေအထိ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here