စိန့်မြစ်ကြောင်းတလျှောက် အားကစားအဖွဲ့တွေ ချီတက်မှုနဲ့အတူ ပါရီအိုလံပစ်ပြိုင်ပွဲကြီး ဖွင့်လှစ်

0
74

နာမည်ကျော် Notre Dame ခရစ်ယာန်ဘုရားကျောင်းအနီးမှာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအတွင်း လေဒီဂါဂါက ပြင်သစ် ကာဘာရက်သီချင်းတစ်ပုဒ်ကို အကသမား တွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေသွားခဲ့ပြီး မိုးဖြိုင်ဖြိုင်ရွာသွန်းနေတဲ့ စိန့် မြစ်ကြောင်းတလျှောက်ချီတက်လာသော နိုင်ငံအသီးသီးမှ အားကစားအဖွဲ့တွေကို ပရိသတ်တွေက သောင်းသောင်းဖြဖြကြိုဆိုအားပေးခဲ့ကြပါတယ်။

အားကစားအဖွဲ့အသီးသီးကို တင်ဆောင်လာတဲ့ ရေယာဉ်တွေဟာ ပြင်သစ်မြို့တော်ရဲ့ အထင်ကရ နေရာတချို့နဲ့ယှဉ်တွဲနေတဲ့ မြစ်ကြောင်းတလျှောက် ခုတ်မောင်းချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ခေတ်သစ် အိုလံပစ်လှုပ်ရှားမှုရဲ့ အစပြုရာဖြစ်တဲ့ ဂရိနိုင်ငံ အားကစားအဖွဲ့က မြစ်ကြောင်းတလျှောက်ချီတက်လာတဲ့ ရေယာဉ်အဖွဲ့ထိပ်မှာ အစဉ်အလာအတိုင်း ဦးဆောင်ခဲ့ပါတယ်။ မြန်မာအဖွဲ့လည်း ရေယာဥ်တစ်စီးပေါ်မှာ ပါဝင်ပါတယ်။

ဒါဟာ ပထမဆုံးအကြိမ်အဖြစ် အားကစားကွင်းတစ်ခုပြင်ပမှာ ပြုလုပ်တဲ့ ဖွင့်ပွဲအခမ်းအနားဖြစ်ခဲ့ပြီး ဒီအတွက် လုံခြုံရေးကို ကြီးကြီးမားမားချထားခဲ့ရပါတယ်။

Grand Palais ကို ဖြတ်ကျော်စဉ် ပြင်သစ်နိုင်ငံတော်သီချင်း ထုတ်လွှင့်ခဲ့ပြီး နောက် ဝန်ကြီးဟောင်း Simone Veil အပါအဝင် ပြင်သစ်နိုင်ငံသမိုင်းကို ထုဆစ်ခဲ့ကြတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုမှုလုပ်ခဲ့ကြပါတယ်။

အိုလံပစ်ဖွင့်ပွဲအခမ်းအနား မတိုင်မီမှာ ပြင်သစ်ရဲ့ TGV အမြန်ရထားလိုင်းကွန်ရက်ကို မနက်အစောပိုင်း တိုက်ခိုက်မှုတွေပေါ်ပေါက်ခဲ့တာကြောင့် အနှောင့်အယှက်တွေကြုံခဲ့ရကာ နိုင်ငံတဝန်း ခရီးသွားလာမှု ကသောင်းကနင်းဖြစ်ခဲ့သလို လုံခြုံရေးပိုင်းဆိုင်ရာ လစ်ဟာမှု ပေါ်လွင်စေခဲ့ပါတယ်။

မြို့တော်ရဲ့ အိုလံပစ်ဖွင့်ပွဲ အထူးအစီအစဉ်အတွက် ရဲနဲ့စစ်သား သောင်းချီပါဝင်တဲ့ လုံခြုံရေးစောင့်ရှောက်မှု ဆောင်ရွက်ထားတဲ့ကြားက ညှိနှိုင်းထားတဲ့တပြိုင်နက် ဖျက်လိုဖျက်ဆီး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Ref: DAWN


LEAVE A REPLY

Please enter your comment!
Please enter your name here