မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာဖို့ ထိုင်း တွန်းအားပေးနေ

0
150

မြန်မာနိုင်ငံအကျပ်အတည်း ပြေလျော့စေရေးဆောင်ရွက်မယ့် ထိုင်းရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သောကြာနေ့(ဇူလိုင် ၂၆) က ပြုလုပ်တဲ့ ၅၇ ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့်(AMM) အစည်းအဝေးမှာ ထိုင်းနိုင်ငံက ထပ်လောင်းပြောကြားခဲ့ပါတယ်။

သက်ဆိုင်သူတွေအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့အတွက် ထိုင်းနိုင်ငံက အသင့်ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ ပေါင်းစပ်ညှိနှိုင်းမှုတွေ ၊ ပိုမိုပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမှာဖြစ်တယ်လို့ ကြာသပတေးနေ့ အစည်းအဝေးအတွင်း ထိုင်းနိုင်ငံက အဆိုပြုခဲ့ကြောင်း မစ္စတာ မာရစ် က ပြောဆိုသွားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာအိုနိုင်ငံမှာ ဇူလိုင် ၂၃ ရက်ကနေ ၂၇ ရက်အထိ ပြုလုပ်နေတာဖြစ်ပါတယ်။

ဆွေးနွေးမှုတွေမှာ အဓိက သက်ဆိုင်သူအားလုံး ပါဝင်ရမှာဖြစ်ပြီး အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်တဲ့ နိုင်ငံတွေပါဝင်ရမှာဖြစ်ပါတယ်။

လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံနဲ့ ရှေ့နောက် အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံတွေပါဝင်တဲ့ Asean Troika အပြင် Asean Troika Plus တို့ကိုပါ တိုးချဲ့ပါဝင်စေသင့်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

ယင်းသို့ပေါင်းစပ်ပါဝင်ခြင်းအားဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးရဲ့ အကန့်အသတ်ရှိမှုတွေ၊ မျှော်လင့်ချက်တွေ၊ သိမ်မွေ့တဲ့ အကြောင်းကိစ္စတွေနဲ့ လက်ရှိအနေအထားတွေကို နားလည်သဘောပေါက်ဖို့ရာ အထောက်အကူဖြစ်စေမှာဖြစ်ပြီး ခိုင်မာတိကျတဲ့ အဖြေကိုရှာနိုင်မယ်လို့ သူကဆက်လက် ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍ အားကောင်းလာစေရေးကို အာဆီယံအသိုက်အဝန်းက ထောက်ခံခဲ့တယ်လို့လည်း မစ္စတာ Maris က ဆိုပါတယ်။

ဆွေးနွေးမှု စကားဝိုင်း အဆင်ပြေချောမွေ့စေရေး ထိုင်းနိုင်ငံက အဆင်သင့်ရှိနေသော်လည်းထိုင်းနိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုတဲ့ ရည်ရွယ်ချက်မရှိသလို နောက်ဆုံးမှာ မြန်မာဟာ အကျပ်အတည်းကို ကိုယ်တိုင်ဖြေရှင်းရမှာသာဖြစ်ကြောင်း သူက ပြောဆိုသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက တွေ့ဆုံဆွေးနွေးမှုတွေအတွက် အကူအညီပေးဖို့ စိတ်ဝင်စားကြောင်းကို နှစ်ဖက်ဆွေးနွေးမှုအတွင်း ပြောဆိုခဲ့တယ်လို့လည်း မစ္စတာ Maris က ဆိုပါတယ်။ အကျိုးဖြစ်ထွန်းပြီး ထင်သာမြင်သာတဲ့ ရလဒ်ထွက်ပေါ်စေနိုင်တဲ့ မည်သည့်တွေ့ဆုံဆွေးနွေးမှုမျိုကိုမဆို ထိုင်းနိုင်ငံက ထောက်ခံကြောင်း သူမကို ပြန်လည်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယဟာလဲ ထိုင်းလိုပဲ မြန်မာပြည် မငြိမ်သက်မှုဒဏ် သက်ရောက်ခံရတဲ့ နိုင်ငံဖြစ်ပြီး ပြဿနာတွေအပေါ် ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ထိုင်းနိုင်ငံက အဆိုပြုထားကြောင်းကို လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က နယူးဒေလီမှာ ပြုလုပ်တဲ့ BIMSTEC အစည်းအဝေးအတွင်း မာဆူဒီကို ပြောဆိုခဲ့တယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here