ဘီးလင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်(၃) လုံးပေါ် ကုက္ကိုလ်ပင် လဲကျမှုဖြစ်ပွား

0
71

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင် (၂၇)ရက်၊ နံနက်ပိုင်းက ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်၊ ပြည်သာယာလမ်း၊ ဗိုလ်တဲဝန်းအတွင်း ကုက္ကိုလ်ပင် လဲကျခဲ့ရာ နေအိမ်(၃)လုံးပေါ်သို့ ကိုင်းဖျား ကိုင်းနားများဖြင့် ရိုတ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ ကုက္ကိုလ်ပင် လုံးပတ် (၁၀)ပေ၊ အရှည် (၂၀)ပေခန့်ရှိပြီး မြေသားများပွ၍ အပင်၏ ပင်စည် အမြစ်မှ ကျွတ်ထွက်၍ ပြိုလဲခဲ့ရာ ၎င်းဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦး ဦးစီးပြီး မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးနှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းခုတ်ထွင်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

သစ်ပင်လဲကျမှုကြောင့် လမ်းတစ်ဖက်ခြမ်းရှိ ဆရာစံရပ်ကွက်၊ ပြည်သာယာလမ်းရှိ သုံးပင်လေးခန်းတွဲ နေအိမ်အမိုးသွပ်ပြား (၅)ချပ်ခန့်လန်ခဲ့ပြီး သုံးပင်နှစ်ခန်းတွဲ နေအိမ် အမိုးပြိုကျ၊ အုတ်တံတိုင်းခြံစည်းရိုး အမြင့် (၄)ပေ၊ အလျား (၁၀)ပေခန့်ပြိုကျခဲ့ပြီး သုံးပင်နှစ်ခန်းတွဲ နေအိမ်အမိုးသွပ်ပြား (၄)ချပ်ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ကုက္ကိုလ်ပင် လဲကျမှုကို ဝိုင်းဝန်းခုတ်ထွင်ရှင်းလင်းရာ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်တွင် ရှင်းလင်း ပြီးစီးခဲ့ပြီး လူ/ တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ဇူလိုင် (၂၆) ရက်၊ နံနက် (၈) နာရီအချိန်ကလည်း မွန်ပြည်နယ်၊ မော်လမြိုင်ဆေးရုံ ခွဲစိတ်ကုသဆောင်ပေါ်သို့ ပိတောက်ပင် လဲကျမှုဖြစ်ပွားခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် ရှင်းလင်းခဲ့ရသေးကြောင်းလည်း ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here