လုပ်ကြံသတ်ဖြတ်ခံရလုနီးဖြစ်ခဲ့ရာ နယ်မြေကို တကျော့ပြန်စည်းရုံးရေးဆင်းမယ်လို့ ထရန့် ကတိပြု

0
161

အိုဘားမားဇနီးမောင်နှံက ကင်မလာဟဲရစ်ကို ပါတီသမ္မတလောင်းအဖြစ် ထောက်ခံချက်ပေး

ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်က သူ လုပ်ကြံသတ်ဖြတ်ခံရလုနီးဖြစ်ခဲ့ရာ ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ မြို့သို့ ပြန်လည်သွားရောက်မှာဖြစ်ကြောင်း သောကြာနေ့မှာ ပြောဆိုပါတယ်။

တစ်ဖက်မှာတော့ ဒီမိုကရက်တစ် သမ္မတလောင်းဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ ဒုတိယသမ္မတ ကာမယ်လာ ဟဲရစ်ကို သမ္မတဟောင်း ဘားရက် အိုဘားမားက ထောက်ခံလိုက်တယ်လို့ သိရပါတယ်။

“ကြီးကျယ်ခမ်းနားလှတဲ့ လူထုစုဝေးပွဲတွက် ကျွန်တော် ပင်ဆယ်ဗေးနီးယားက Bulter ကို ပြန်သွားပါမယ်” လို့ သမ္မတဟောင်း ထရန့်က လူထုစုဝေးပွဲ ကျင်းပမယ့် အချိန်နဲ့ နေရာ အသေးစိတ်မဖော်ပြဘဲ သူ့ရဲ့ Truth ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ သမ္မတ ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲလမ်းကြောင်းကနေ ထွက်သွားခဲ့ပြီးနောက် သူ့နေရာကို ဆက်ခံဖို့ဖြစ်လာတဲ့ ပထမဆုံး အာရှနွယ်ဖွား လူမည်းအမျိုးသမီး ဒု-သမ္မတ ဟဲရစ်ဟာ ဒီမိုကရက်တွေရဲ့ ထောက်ခံမှုကို လျင်လျင်မြန်မြန်ပဲ စုစည်းနိုင်ခဲ့ပါတယ်။ ယခုသီတင်းပတ်အတွင်းက လက်တစ်ဆုပ်စာသော လူထု သဘောထားစစ်တမ်းကောက်ယူချက်တွေအရ သူမဟာ ထရန့်ရဲ့ ရှေ့ရောက်နေမှုနဲ့သိပ်မကွာလှပဲကပ်လိုက်နေပြီလို့ ဆိုပါတယ်။

သောကြာနေ့က ဝေါလ်စထရိဂျာနယ်ရဲ့ စစ်တမ်းတစ်ခုအရ ထရန့်က ထောက်ခံမှု ၄၉ ရာခိုင်နှုန်းနဲ့ ဟဲရစ် ကထောက်ခံမှု ၄၇ ရာခိုင်နှုန်းရ ရရှိထားတယ်လို့ သိရပါတယ်။ ယင်းဂျာနယ်က ယခုလအစောပိုင်းအတွင်း ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုမှာတော့ ထရန့်က ၄၈ ရာခိုင်နှုန်းနဲ့ ဘိုင်ဒင်က ၄၂ ရာခိုင်နှုန်း ထောက်ခံမှု ရရှိထားခဲ့တာဖြစ်ပါတယ်။

အိုဘားမားနဲ့ ဇနီးဖြစ်သူ မီရှဲလ်တို့ဟာ သောကြာနေ့မှာ ဟဲရစ်ကို ထောက်ခံလိုက်ကြခြင်းဖြင့် ဟဲရစ်ရဲ့ အိမ်ဖြူတော်သွားရာလမ်းကြောင်းအတွက် စုစည်းချီတက်လာကြတဲ့ ထင်ရှားတဲ့ ဒီမိုကရက်တွေထဲမှာ ထပ်ပေါင်းပါဝင်လိုက်ပါတယ်။

“မင်းကို ထောက်ခံဖို့နဲ့ ဒီရွေးကောက်ပွဲကနေ ဘဲဥပုံရုံးခန်းဆီ အရောက်လှမ်းနိုင်အောင် ငါတို့တတ်နိုင်သမျှ လုပ်ပေးရတာကို ဂုဏ်ယူလို့ မဆုံးဘူးဆိုတာ ပြောချင်တာကြောင့် ငါနဲ့ မီရှဲလ်က ဖုန်းခေါ်လိုက်တာပါ” လို့ အိုဘားမားက ဟဲရစ်ကို ဖုန်းခေါ်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ထရန့်ဟာ အမေရိကန်ကို ရောက်ရှိနေတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို သောကြာနေ့က ဖလော်ရီဒါရှိ သူ့ရဲ့ အပန်းဖြေစံအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ယင်းမတိုင်ခင်ရက်ကတော့ နေတန်ယာဟုဟာ ဘိုင်ဒင်၊ ဟဲရစ်တို့နဲ့ ဝါရှင်တန်မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပါတယ်။

ထရန့်က နေတန်ယာဟုကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီး သူတို့ဟာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း သတင်းထောက်တွေကို ပြောဆိုကာ သူတို့နှစ်ဦးအကြား တင်းမာမှုတွေ ရှိနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေကို ပယ်ချခဲ့ပါတယ်။

ကြာသပတေးနေ့က ဟဲရစ်ရဲ့လူသိရှင်ကြား မှတ်ချက်တွေအတွင်း သူမဟာ ဘိုင်ဒင်ထက် လေသံပိုမာခဲ့တာကို တွေ့ရပြီး ဂါဇာအပစ်ရပ်စဲမှု ရရှိအောင် ကူညီဖို့ နေတန်ယာဟုကို တွန်းအားပေးခဲ့ပါတယ်။ “ဒီစစ်ပွဲ အပြီးသတ်ဖို့ အချိန်တန်ပါပြီ” လို့ ရုပ်သံထုတ်ပြန်ချက်မှာ ဟဲရစ်က ပြောဆိုခဲ့ပြီး စစ်ပွဲအတွင်း ပါလက်စတိုင်း အရပ်သားတွေ ထိခိုက်‌ေ-သဆုံးမှု တိုးနေခြင်းအပေါ် စိုးရိမ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ထရန့်ကတော့ သူမရဲ့ မှတ်ချက်တွေဟာ လေးစားမှုကင်းမဲ့တဲ့ ပြောဆိုချက်တွေဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

Ref: DH


LEAVE A REPLY

Please enter your comment!
Please enter your name here