သီရိလင်္ကာ သမ္မတ ရွေးကောက်ပွဲများ စက်တင်ဘာ ၂၁ ရက်မှာ ပြုလုပ်မယ်လို့ ကြေညာ

0
245

သီရိလင်္ကာ သမ္မတ ရွေးကောက်ပွဲတွေအတွက် စက်တင်ဘာ ၂၁ ရက်မှာ မဲပေးနိုင်ကြမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်ရှင်က ဒီနေ့(ဇူလိုင် ၂၇) မှာ ကြေညာလိုက်ပါတယ်။ သမ္မတ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို သြဂုတ် ၁၅ ရက်မှာ လက်ခံသွားမှာဖြစ်တယ်လို့လည်း ကော်မရှင်က ပြောဆိုပါတယ်။

ဒါဟာ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ အစိုးရဟာ ၂၀၂၃ ခုနှစ်မှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ ဒေသန္တရ ကောင်စီ ရွေးကောက်ပွဲကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

ပြင်းထန်မယ့်ပြိုင်ပွဲရဲ့ အဓိက သမ္မတလောင်းတွေအဖြစ် သမ္မတ ရာနေးလ် ဝစ်ကရီမီဆင်း၊ အတိုက်အခံခေါင်းဆောင် ဆာဂျစ် ပရမ်မာဒါဆာနဲ့ အမျိုးသားပြည်သူ့အင်အား(NPP) ပါတီခေါင်းဆောင် အန်နူရာ ကူမာရာ ဒီဆန်နာယက်ကာတို့ပါဝင်ပါတယ်။ ဒါ့အပြင် စစ်ဗိုလ်ချုပ်ဟောင်းနဲ့ လွှတ်တော်အမတ်ဖြစ်သူ ဆာရက် ဖွန်ဆီကာနဲ့ တရားရေးဝန်ကြီး ဝီဂျီယာဒါဆာ ရာဂျာပါ့ရှီတို့ကလည်း သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာထားကြပါတယ်။

ဖွန်ဆီကာက ပရမ်မာဒါဆာရဲ့ Samagi Jana Balawegaya (SJB) ပါတီဝင်တစ်ဦးဖြစ်ပြီး ဝီဂျီယာဒါဆာကတော့ ဝစ်ကရီမီဆင်းရဲ့ အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂နှစ်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ယခုရွေးကောက်ပွဲဟာ မကြာသေးမီ နှစ်များအတွင်း သီရိလင်္ကာသမိုင်းမှာ အပြင်းထန်ဆုံး ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲဖြစ်လာဖွယ်ရှိနေပါတယ်။

ဝစ်ကရီမီဆင်း အစိုးရအဖွဲ့အနေနဲ့ ယခုကာလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် စိတ်အားထက်သန်မှု မရှိတဲ့ အနေအထားရှိနေတာကြောင့် ရွေးကောက်ပွဲကို ကြေညာထားတဲ့အတိုင်း ကျင်းပနိုင်ပါမလားဆိုတဲ့အပေါ် သံသယတွေရှိနေတယ်လို့လည်း သိရပါတယ်။

Ref: The Diplomat


LEAVE A REPLY

Please enter your comment!
Please enter your name here