လက်ဖဝါးပေါ်တင်ထားနိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး ဒရုန်း တရုတ်တီထွင်

0
192

လူတစ်ယောက်၏ လက်ဖဝါးပေါ်တွင် တင်ထားနိုင်ပြီး၊ စာရွက်တစ်ရွက်ထက်ပင် ပေါ့ပါးကာ၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားငယ်လေးများတပ်ဆင်ထားသဖြင့် နေရောင်ခြည်ရရှိနေသရွေ့လည်ပတ်နေနိုင်သည့် မော်တာတပ်ဆင်ထားသော ဒရုန်းအသေးစားလေးတစ်ခုကို တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များက တီထွင်ထုတ်လုပ်လိုက်ကြောင်း ကြာသပတေးနေ့ထုတ် Nature သိပ္ပံဂျာနယ်တွင် ဖော်ပြထားသည်။

အဆိုပါ ဒရုန်းငယ်အားအား ပေကျင်းမြို့ရှိ အာကာသယာဉ်နှင့် အာကာသဆိုင်ရာ သုတေသနတွင် ကျွမ်းကျင်မှုဖြင့် လူသိများသည့် Beihang တက္ကသိုလ်မှ သုတေသီများက ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အသေးငယ်ဆုံး နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်အဖြစ် ယခင်က စံချိန်တင်ထားသည့် အရွယ်အစား၏ အလေးချိန်၏ ၆၀၀ပုံတစ်ပုံမျှသာ ရှိသည်။

အသေးစားမိုက်ခရိုဒရုန်းများသည် ထောက်လှမ်းရေး၊ သဘာ၀ပတ်ဝန်းကျင်စောင့်ကြည့်ရေးတို့အပြင် ရှာဖွေကယ်ဆယ်ရေးကိစ္စများအထိ စွယ်စုံသုံးကိရိယာများဖြစ်ကြသည်။ ၎င်းတို့သည် ရုပ်ပုံများရိုက်ကူးခြင်း၊ အရာဝတ္တုများကို ရှာဖွေခြင်းနှင့် သာမန်ယာဉ်များဝင်၍မရအောင် တားမြစ်ကန့်သတ်ထားသောနေရာများသို့ ပစ္စည်းများသယ်ပို့ပေးခြင်းစသည့် အထူးပြုလုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်သည်။ သို့သော်လည်း ကန့်သတ်ပျံသန်းချိန်သည် ၎င်းတို့၏အသုံးဝင်မှုအတွက် သိသာထင်ရှားသောအတားအဆီးတစ်ခုဖြစ်နေခဲ့သည်။

ကြာသပတေးနေ့ထုတ် Nature ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးတွင် သုတေသနအဖွဲ့၏ လေ့လာမှုများအရ အလေးချိန် ၁၀ ဂရမ်အောက်ရှိသော ဒရုန်းငယ်များသည် ၁၀ မိနစ်အထိသာ ဆက်တိုက်ပျံသန်းနိုင်သည်ဟု ဆိုသော်လည်း၊ ယခု အသစ်ထုတ်လုပ်ထားသည့် ဒရုန်းငယ်မှာမူ နေရောင်ခြည်(သို့)အလင်းရောင်ရရှိနေသမျှ ဆက်တိုက် ပျံသန်းနေနိုင်မည်ဖြစ်ပြီး၊ ယင်းသို့ အလင်းရောင်မှ ရရှိသော လျှပ်စစ်ကိုလည်း သိုလှောင်ထားနိုင်သဖြင့် အလင်းရောင် မရှိသည့်အချိန်တွင်လည်း အချိန်အတန်ကြာသည်အထိ ဆက်လက်ပျံသန်းနေနိုင်ဦးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here