တစ်လနီးပါးအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး (၅) ခုထက်မနည်း ရေကြီးရေလျှံမှုဖြစ်ပွားနေ

0
99

ပြီးခဲ့သည့်ဇွန်လမှစတင်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှစတင်ကာဧရာဝတီမြစ်ရေ မြင့်တက်၍ရေကြီးရေလျှံဖြစ်ပွားရာမှ တစ်လနီးပါးအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး (၅) ခုထက်မနည်း ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း ထုတ်ပြန်ထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

ဧရာဝတီမြစ်၊ ဒုဌဝတီမြစ် ၊ ချင်းတွင်းမြစ် ၊ မြစ်သာမြစ်၊ စစ်တောင်းမြစ် ၊ ရွှေကျင်မြစ် ၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ် ၊ ငဝန်မြစ်၊ တိုးမြစ် ၊ ဘီးလင်းမြစ်၊ နန့်ယင်းမြစ်နှင့် နန်းကောင်းမြစ်များ ယခုနှစ်မိုးရာသီအတွင်း ရေလျှံရေကြီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်နယ်နှင့်တိုင်း အချို့ရှိမြို့အချို့နှင့် ရပ်ကွက်/ကျေးရွာများ ရေကြီးရေလျံမှုများဖြစ်ပေါ်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဆိပ်သာမြို့တွင် စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာရှိပြီး ယင်းကိုကျော်လွန်၍ နောက်တစ်ရက်အတွင်း ၁၂၄၄ စင်တီမီတာအထိမြင့်တက်နိုင်ကြောင်း၊ ဟင်္သာတမြို့တွင် စိုးရိမ်ရေအမှ တ် ၁၃၄၂ စင်တီမီတာ မှ လာမည့်နှစ်ရက်အတွင်း စိုးရိမ်ရေအမှတ် ၁၄၀၈ စင်တီမီတာအထိဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် စစ်တောင်းမြစ်ရေသည် လာမည့်တစ်ရက်အတွင်း မဒေါက်မြို့၌ စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာရှိရာမှ ၁၂၉ ၃ အထိမြင့်တက်လာနိုင်ကြောင်း၊ ရွှေကျင်မြစ်ရေသည် လာမည့်တစ်ရက်အတွင် စိုးရိမ်ရေအမှတ် ၇၀၀ စင်တီမီတာရှိပြီး ၉၀၁ အထိမြင့်တက်နိုင်ကြောင်း သိရသည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့အတွင်း စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာရှိပြီး ၉၉၇ စင်တီမီတာအထိ ဆက်လက်မြင့်တက်နိုင်ကြောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင်း စိုးရိမ်ရေ မှတ် ၇၅၀ စင်တီမီတာရှိပြီး ၉၇၀ စင်တီမီတာအထိမြင့်တက်လာနိုင်ကြောင်း၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင်း စိုးရိမ်ရေမှတ် ၉၆၃ စင်တီမီတာရှိပြီး ၁၂၃၇ စင်တီမီတာအထိ ဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။

ထို့ပြင် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင်း‌စိုးရိမ်ရေမှတ် ၁၀၂၂ စင်တီမီတာရှိပြီး ၁၀၇၈ စင်တီမီတာအထိ ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် အပါအဝင် မွန်ပြည်နယ် စသည့် နေရာဒေသတော်တော်များများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေတတ်မှုကြောင့် ရေကြီးခြင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိသလို လူပေါင်း သောင်းနှင့်ချီ၍ ရေဘေးရှောင်နေကြရကြောင်း သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သောင်းရင်းမြစ်ရေသည်စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်ကာ ရပ်ကွက်(၅)ခု၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်းလည်း သိရသည်။

အလားတူ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေကြီးခြင်းကြောင့် စာသင်ကျောင်း ၁၀၀ ကျော်ပိတ်ထားရကြောင်းလည်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှု၊ မြစ်ရေကြီးမှုအပြင် တောင်ပြိုခြင်းများလည်း ဖြစ်ပေါ်လာနိုင်သည့်အတွက် အထူးသတိပြုနေထိုင်ကြရန်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here