ငွေကျပ်သိန်း (၄၅၀၀)ကျော် တန်ဖိုးရှိ တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

0
91

နိုင်ငံတဝန်း ဇူလိုင် (၂၄) ရက်နှင့် ဇူလိုင် (၂၅) ရက်အတွင်း ကျပ်သိန်း (၄၅၀၀)ကျော် တန်ဖိုးရှိ တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၄ ရက်နှင့် ၂၅ ရက် တို့တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁၉)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် Mascot အမျိုးသမီးစီးဒေါက်ဖိနပ်ရန် (၈၈၀) ၊ Platform Scales ခု (၅၀) ၊ Ceramic Wall & Floor Tiles (၈၅၆ ဒသမ ၈)စတုရန်းမီတာနှင့် FRP Fiberglass Reinforced Plastic Gratings ကီလိုဂရမ် (၂၃၂၀၀) အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၉၁၇,၄၈၀)ကို သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ထိုင်းနိုင်ငံထုတ် Knight Horse ရေချိုးစီးဖိနပ် (၉၇၉၂)ရန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၆၈၈,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Hino Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

အလားတူ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်း၌ ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အမိုနီယမ်နိုက် ထရိတ်ဟု ယူဆရသော ဓါတ်မြေသြဇာ ကီလိုဂရမ် (၄၀) ပါ အိတ် (၃၂၀) ၊ နေမျိုးဝင်း တံဆိပ်ပါ ခေါက်ဆွဲခြောက်ဖာ (၁၀၀) ၊ သစ်သားတံခါးရွက်(၂၄)ခု၊ သစ်သား ထိုင်ခုံ(၃)လုံးနှင့် သစ်သားဘုရားစင်(၁)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၈,၅၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Box Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၄,၁၀၅,၄၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူထားသည်။

သို့ဖြစ်၍ ဇူလိုင် (၂၄) ရက်နှင့် ဇူလိုင် (၂၅) ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၄၅၄,၁၀၅,၄၈၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here