ထိုင်းနိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံတို့မှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများကို ဗိုလ်ချုပ်ကြီး မိုးအောင် လက်ခံတွေ့ဆုံ

0
207

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်သည် ထိုင်းနိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံတို့မှ အမျိုးသားလုံခြုံရေး ဆိုင်ရာအကြီးအကဲများအား သီးခြားစီ တွေ့ဆုံကာ နိုင်ငံအချင်းချင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ အမျိုးသားလုံခြုံရေး ဆိုင်ရာအကြီးအကဲများသည် နေပြည်တော်တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

မြန်မာ့အရေး ဖြေရှင်းရာတွင် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍ အားကောင်းလာစေရေးကို အာဆီယံအသိုက်အဝန်းကလည်း ထောက်ခံထားခြင်းရှိသည်။

သိရိလင်္ကာသည်လည်း လွန်ခဲ့သော ၂နှစ်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုများကိုရင်ဆိုင်ဖြတ်သန်းခဲ့ရသည့်နိုင်ငံဖြစ်ပြီး ကမ္ဘာပထဝီနိုင်ငံရေးတင်းမာမူကို မြန်မာနှင့်အတူ ခံစားရသည့်နိုင်ငံလည်းဖြစ်သည်။ စက်တင်ဘာတွင်ကျင်းပတော့မည့်သီရိလင်္ကာရွေးကောက်ပွဲသည် မကြာသေးမီ နှစ်များအတွင်းအပြင်းထန်ဆုံး ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲဖြစ်လာဖွယ်ရှိနေသည့်နိုင်ငံလည်းဖြစ်သည်။

ထိုနိုင်ငံများမှ ပုဂ္ဂိူလ်များရောက်ရှိနေစဉ် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်က  ဇူလိုင် (၂၆) ရက်က သီရိလင်္ကာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန် General Kamal Gunaratne(Retd) ၊ ထိုင်းနိုင်ငံမှ H.E. Mr. Ruchakorn NAPAPORNPIPAT PIPAT တို့ကို သီးခြားစီ လက်ခံတွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် နိုင်ငံအချင်းချင်း၊ ဒေသတွင်း ဘင်းမ်စတက် လုံခြုံရေးဆိုင်ရာ နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲလာမှု အခြေအနေနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here