လားရှိုးမြို့အတွင်းသို့ နှစ်ဘက်အဖွဲ့အစည်းများ၏ သဘောတူညီချက်ဖြင့်ဝင်ရောက်ခြင်းဖြစ်၊နှစ်ဖက်လုံးကိုစွက်ဖက်တာ၊ ပူးပေါင်းတာနဲ့ ပံ့ပိုးပေးတာတွေ မလုပ်ဟု UWSA တာဝန်ရှိသူပြောကြား

0
226

လားရှိုးမြို့အတွင်းသို့ ယမန်နေ့ ဇူလိုင် (၂၇) ရက် ညပိုင်းက ဝင်ရောက်တပ်စွဲခြင်းသတင်း မှန်ကန်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားနေသည့် နှစ်ဖက်အဖွဲ့အစည်းများ၏ သဘောတူညီချက်ဖြင့် တရားဝင်ဝင်ရောက်ခြင်းသာဖြစ်ကြောင်း UWSA ၏ လားရှိုး ဆက်ဆံရေးရုံးမှ အရာရှိတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

သို့သော် ၎င်းတို့အနေဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့်အပေါ် ဝင်ရောက် စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနှင့် ပံ့ပိုးပေးခြင်းများ လုပ်ဆောင်သွားမည်မဟုတ်ကြောင်းနှင့် လားရှိုးမြို့နယ်ရှိ UWSA၏ ပြင်ပဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက်သာ တရားဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပြောသည်။

“မြို့(လားရှိုး)ကို မဝင်မီ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို အကြောင်းကြားခဲ့ပြီး သဘောတူညီချက်နဲ့ အဆင်ပြေစွာဝင်ရောက်ခဲ့တာဖြစ်တယ်။ လားရှိုးမြို့မှာ တပ်စွဲထားတဲ့ကျနော်တို့ “ဝ”လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အဘက်ဘက်ကို ဝင်ရောက်စွက်ဖက်တာ၊ ပူးပေါင်းတာနဲ့ ပံ့ပိုးပေးတာတွေ လုပ်ဆောင်မှာမဟုတ်ပါ”ဟု ၎င်းက ပြောသည်။

ထို့အပြင် “ဝ”ပြည်နယ်အနေဖြင့် လားရှိုးမြို့နှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအမြန်ဆုံးရရန် မျှော်လင့်ထားသည်ဟုလည်း ၎င်းက တဆက်တည်းပြောကြားသည်။

အဆိုပါ “ဝ” တပ်ဖွဲ့ လားရှိုးမြို့အတွင်း ဝင်ရောက်တပ်စွဲခြင်းနှင့် ပတ်သက်၍ တပ်မတော်ဘက်သို့ အကြောင်းကြားထားသည်ဆိုသည်မှာ မှန်ကန်ကြောင်းလည်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ မီဒီယာများကို အတည်ပြုပြောကြားထားသည်။

” တပ်မတော်ကို ကြိုတင်အကြောင်းကြားထားခြင်း ရှိပါတယ်” ဟု သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ လားရှိုးမြို့ကို ယခု ဇူလိုင်လအစောပိုင်းမှ စတင်ကာ ကိုးကန့်တပ် (MNDAA) က ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး မြို့တွင်းရှိတပ်မတော်၏ တပ်စခန်များကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းကပင် MNDAA က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သတင်း ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်းနှင့် အရပ်ဝတ်များဝတ်ဆင် ဝင်ရောက်လာပြီးမှဓာတ်ပုံရိုက်ယူကာ လိမ်လည်သတင်းထုတ်ပြန်နေခြင်းဖြစ်ကြောင်း နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တုန့်ပြန် ပြောကြားထားသည်။

လက်ရှိတွင်လားရှိူးမှစစ်ရှောင်နေသူများက ဒုက္ခရောက်၊ အိမ်ငှားခကုန်ခြင်း၊စရိတ်ပိခြင်းတို့ကြောင့် မြို့သို့ပြန်ဝင်ချင်နေကြသော်လည်း လားရှိုးအောက်ပိုင်းရှိသီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့တိုက်ပွဲအခြေအနေများစောင့်ကြည့်ရဦးမည်ဖြစ်သည်။

လားရှိုးမြို့ကျန် ပြည်သူများနှင့်အဆက်သွယ်ရရန် ပေါ်ပြူလာနယူးကကြိုးစားနေသော်လည်း ဖုန်းလိုင်းများခေါ်မရဖြစ်နေဆဲပင်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here