ပဲခူးမြို့လယ်ရှိ မြစ်ကူးတံတားအား ယာယီပိတ်ထားရပြီး ကားများ၊ ဆိုင်ကယ်များ၊ ဖြတ်သန်းခွင့်မပြုတော့

0
111

ပဲခူးမြစ်ရေ မြင့်တက်လာသောကြောင့် ပဲခူးမြို့လယ်ရှိ မြစ်ကူးတံတားအား ယာယီပိတ်ထားလိုက်ရပြီး ကားများ၊ ဆိုင်ကယ်များ၊ ဖြတ်သန်းခွင့် မပြုတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပွားနေရာ ပဲခူးမြို့လယ်ရှိ မြစ်ကူးတံတားတွင်လည်း ရေတက်နေသောကြောင့် ယနေ့ ဇူလိုင် (၂၈)ရက် နံနက် (၁၁)နာရီခွဲခန့်မှ စတင်၍ ကားနှင့် ဆိုင်ကယ်များ ဖြတ်သန်းခွင့် မပြုတော့ကြောင်း သိရသည်။

“တံတားကျိုးကျပြီး အန္တရာယ်ဖြစ်မှာ စိုးလို့ထင်တယ်။ မနက် (၁၁) နာရီခွဲလောက်က စပြီး ကားတွေ၊ ဆိုင်ကယ်တွေ ပေးမဖြတ်တော့တာ”ဟု ပဲခူးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ထို့ပြင် ယနေ့ ဇူလိုင်(၂၈)ရက်၊ နံနက် (၇)နာရီအချိန်ကလည်း ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပွားနေကြောင်း သိရသည်။

ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇူလိုင် (၂၇) ရက်၊ နံနက် (၃) နာရီမှ စတင်၍ ပဲခူးမြို့တွင်း အနိမ့်ပိုင်း ရပ်ကွက်များ၊ ပဲခူးမြို့ ထူးဆီဆိုင်ရှေ့၊ ဒိုက်ဦးပြည်သူ့ဆေးရုံ၊ ဒိုက်ဦးမြို့မဈေးကြီး ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်း၊ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ပဲခူးမြစ်ရေမှာ ပဲခူးမြို့ စိုးရိမ်ရေအမှတ် ၂၈.၈၇ ပေ (၈၈၀) စင်တီမီတာဖြစ်ပြီး ၃၂.၂၂ ပေ (၉၈၂) စင်တီမီတာတွင် ရောက်ရှိနေကြောင်း နောက် (၁)ရက်အတွင်း (၁)ပေခန့် မြင့်တက်နိုင်ပြီး စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနေနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇူလိုင် (၂၈)ရက်၊ နေ့လယ် (၁၂)နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပို င်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေဦးမည် ဖြစ်သောကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် မိုး/ဇလမှ အကြံပြုထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here