ရန်ကုန်မိုးကြောင့် ရွှေပြည်သာတွင် ရပ်ကွက် (၅)ခုအထိ ရေကြီးနေ

0
125

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် ရွှေပြည်သာမြို့နယ်တွင်ရပ်ကွက် (၅)ခုအထိ ရေကြီး ရေလျှံမှုဖြစ်ပေါ်လျက်ရှိရာ ရပ်ကွက်နေသူများအား ရေဘေးလွတ်ရာသို့ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် (၂၈)ရက်၊ ညနေ(၅)နာရီ (၂၀)မိနစ်အချိန်ခန့်မှ စတင်၍ ရွှေပြည်သာမြို့နယ် အမှတ်(၅)ရပ်ကွက်၊ အမှတ် (၈)ရပ်ကွက်၊ အမှတ်(၁၉)ရပ်ကွက်၊ အမှတ်(၂၀)ရပ်ကွက်၊ အမှတ်(၂၃)ရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရပ်ကွက် (၅)ခုရှိ နေအိမ်များအတွင်း ရေဝင်ရောက်နေကြောင်း သတင်းအရ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ဒေသခံများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ (၁၀) ရပ်ကွက်၊ (၁၁) ရပ်ကွက်၊ (၁၃) ရပ်ကွက် အနိမ့်ပိုင်းများတွင် ရေဝင်ရောက်မှုများ ရှိနေပြီး မိုးဆက်တိုက်ဆက်ရွာပါက နေအိမ်များအတွင်းပါ ရေဝင်လာနိုင်ကြောင်း ရွှေပြည်သာမြို့ခံများထံမှ စုံစမ်းသိရသည်။

ရန်ကုန်မြို့တွင် စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ မှော်ဘီမြို့နယ်တို့ရှိ ရပ်ကွက်နေရာအချို့တို့တွင်ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here