ပဲခူးမြစ်ရေကြီးမှု ယာယီရေဘေးရှောင်စခန်း (၁၀) ခု ဖွင့်လှစ်ကာ ကူညီနေ၊မနှစ်ကလိုဖြစ်မှာစိုးရိမ်နေ

0
137

မိုးသည်းထန်စွာရွာသွန်း၍ ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ပဲခူးမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေဝင်ရောက်မှုဖြစ်ပွားနေရာ ယာယီရေဘေးရှောင်စခန်း (၁၀) ခု ဖွင့်လှစ်ကာ ကူညီပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေသောကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများ ဝင်ရောက်လျက်ရှိသည့်အပြင် ပဲခူးမြို့တွင်း ရန်ကုန်- မန္တလေး ကားလမ်းမပေါ်တွင်လည်း ရေကျော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေကြီးမှုကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ရေဘေးသင့်ပြည်သူများအား ဇိုင်း/တောင်ရပ်ကွက်ရှိ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ဝင်္ဂဘာဘုန်းကြီးကျောင်း၊ ရွှေဘုန်းပွင့်ဘုန်းကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက်ရှိ မင်္ဂလာဇေယျုံ ကျောင်းတိုက်၊ ရွှေနံ့သာကျောင်းတိုက်၊ ရွာသစ်ရပ်ကွက်ရှိ အလက(ခွဲ)ရွာသစ်ကျောင်း၊ ဥဿာ(၇)ရပ်ကွက်ရှိ ဒက္ခိဏာသာခါကျောင်းတိုက်၊ ကလျာ ဏီရပ်ကွက်ရှိ ကလျာဏီသိမ်ကျောင်းတိုက်၊ မဇင်းရပ်ကွက်ရှိ လေးမျက်နှာကျောင်းတိုက်၊ မြို့သစ်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းတို့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ အနီးကပ်ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန် – မန္တလေး ကားလမ်းရေကျော်နေသည့် ကျွန်းသာယာရပ်ကွက်၊ ခေါင်းဆေးကျွန်းနေရာ၊ မဇင်း(၁)လမ်းထိပ်နှင့် ဇိုင်း/မြောက်နှင့် ဇိုင်း/တောင် ရပ်ကွက်အကြားရှိ မင်းလမ်းမတိုတွင် ဖြတ်သန်း သွားလာနေသည့် ယာဉ်များနှင့် လူများဘေးအန္တရာယ် မဖြစ်ပေါ်စေရေး တာဝန်ရှိသူများက ကူညီပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ပဲခူးမြို့လယ်ရှိ မြစ်ကူးတံတားတွင်လည်း ရေတက်နေရာ ဇူလိုင် (၂၈)ရက် နံနက် (၁၁)နာရီခွဲခန့်မှ စတင်၍ ကားနှင့် ဆိုင်ကယ်များ ဖြတ်သန်းခွင့် မပြုတော့ကြောင်း သိရသည်။

“ပဲခူးတစ်မြို့လုံးနီးပါး ရေကြီးနေပြန်ပြီ။ တိုးလ်ဂိတ်နဲ့ မြို့လယ်က မြစ်ကူတံတားလည်း ကား၊ ဆိုင်ကယ် ပေးမဖြတ်တော့ဘူး။ ပိတ်လိုက်ပြီ။ မနှစ်ကလို ဖြစ်မှာကို စိုးရိမ်နေရတယ်။ ကယ်ဆယ်ရေးအပါဝင် အစားသောက်နဲ့ ထောက်ပံ့ရေး အကူညီတွေလည်း လိုနေတယ်ဗျ”ဟု ပဲခူးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ပဲခူးမြစ်ရေမှာ ပဲခူးမြို့ စိုးရိမ်ရေအမှတ် ၂၈.၈၇ ပေ (၈၈၀) စင်တီမီတာဖြစ်ပြီး ၃၂.၆၈ ပေ (၉၉၆) စင်တီမီတာတွင် ရောက်ရှိနေကြောင်း နောက် (၁)ရက်အတွင်း (၁)ပေခန့် မြင့်တက်နိုင်ပြီး စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနေနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ ဇူလိုင် (၂၉)ရက်၊ နံနက် (၆)နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရသည်။ 

မိုး/ဇလ မှ ယနေ့ ဇူလိုင် (၂၉)ရက်၊ နံနက် (၇)နာရီအချိန်ထုတ်ပြန်ချက်အရ ယနေ့ညနေအထိ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဒေသအလိုက် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

တွင် ပဲခူးဘူတာ ယာဒ်ဝင်း အတွင်းရထားသံလမ်းပေါ်သို့ ရေကျော်နေ၍ မော်လမြိုင်-ရန်ကုန် ရထားနှင့် အဆန် ရန်ကုန်-မော်လမြိုင် ရထား ခရီးစဉ်များအား ယာယီဖျက်သိမ်းထားသည်။

Max Highwayမှ BOT အနေဖြင့်တာဝန်ယူထားသည့် ပဲခူးတိုးဂိတ် နှင့် မြို့တွင်းဂိတ်တို့တွင် ကုမ္ပဏီ ဝန်ထမ်းများမှ လမ်းကြောင်းပြ အမှတ်အသားများချထားခြင်း၊ ရေကင်းချထားခြင်းများနှင့် ယာဉ်အန္တရာယ်မဖြစ်ပွားစေရန် စီမံဆောင်ရွက်ထားပြီး ဖြတ်သန်းရန်ခက်ခဲသောယာဉ်များ ရေလွတ်ရာသို့ ယာဉ်ဆွဲယာဉ်များ၊ ယာဉ်ကြီးများဖြင့်ပို့ဆောင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ 

လက်ရှိတွင် ပဲခူးရေဘေးရှောင်သင့် ပြည်သူများအတွက် အစားအသောက်၊ ဆေးဝါး၊ သောက်ရေသန့်၊ လူ့အသုံးဆောင်ပစ္စည်းများနှင့် အခြားအကူအညီအထောက်ပံ့များ လိုအပ်နေကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာကလည်း ပဲခူးတစ်မြို့လုံးနီးပါးရေကြီး နစ်မြုပ်မှုဖြစ်ပွားရာ နှစ်ပေါင်း (၆၀) အတွင်းအဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ရခြင်းကြောင့် ထိုကဲ့သို့ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံတို့ကဆို သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here