တရုတ်ရဲ့ လုပ်ရပ်တွေအပေါ် အဓိကအာရုံစိုက်မယ့် Quad အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တိုကျိုမှာ ပြုလုပ်

0
182

အမေရိကန်နိုင်ငံခြားရေး အန်တိုနီ ဘလင်ကန်ဟာ ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တနင်္လာနေ့(ဇူလိုင် ၂၉) မှာ တွေ့ဆုံခဲ့ပြီး ယင်းလေးနိုင်ငံလုံခြုံရေးဒိုင်ယာလော့အဖွဲ့ဟာ တရုတ်ကို ပြစ်တင်ရှုတ်ချတဲ့ ပစိဖိတ်ဒေသ လွတ်လပ်၊ ပွင့်လင်းမှုရှိရေး တောင်းဆိုတဲ့ ပူးတွဲထုတ်ပြန်ချက် ထုတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက်အမည်ထုတ်ဖော်ခြင်း မရှိပေမယ့် ဘလင်ကန်နဲ့ Quad အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တိုက်တွန်းချက်ဟာ အငြင်းပွား တောင်တရုတ်ပင်လယ်ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် သင်္ဘောတွေအကြား ထိပ်တိုက်တွေ့မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ပေကျင်းကို ရှင်းလင်းစွာ ရည်ညွှန်းတယ်ဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုတွေ၊ ဆိုက်ဘာလုံခြုံရေးနဲ့ ရေကြောင်းကင်းလှည့်ရေးကိစ္စတွေဟာလည်း ၎င်းတို့ ဆွေးနွေးမှုအတွင်း ပါဝင်မယ့်အကြောင်းအရာတွေဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဘလင်ကန်ဟာ ပေကျင်းရဲ့ အတင့်ရဲလာတဲ့ ခြေလှမ်းတွေ၊ ရုရှားနဲ့ ဆက်ဆံရေး နက်ရှိုင်းလာမှုတွေကို ရင်ဆိုင်ရာမှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ရည်ရွယ်တဲ့ အာရှ-ပစိတ်ဖိတ် သံတမန်ရေးခရီးစဉ် သွားရောက်နေတာဖြစ်ပါတယ်။

တိုကျိုမှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အဆင့်မြင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးမှုအတွင်း ဘလင်ကန်၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ သက်ဆိုင်ရာ ဂျပန်အရာရှိတွေက တရုတ်နဲ့ ရုရှားတို့အပေါ် နှုတ်အားဖြင့် ပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

ပေကျင်းရဲ့ နိုင်ငံခြားရေးမူဝါဒဟာ သူတို့ကိုယ်ကျိုးစီးပွားအတွက် အခြားသူတွေကို အသုံးချကာ နိုင်ငံတကာ အခင်းအကျင်းကို ပြန်ပုံသွင်းဖို့ ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ၎င်းတို့က ပြောဆိုပါတယ်။

ရုရှားရဲ့ တရုတ်နိုင်ငံနဲ့ ရန်လိုတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာခြင်း၊ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် မြောက်ကိုရီးယားထံက ပဲ့ထိန်းဒုံးကျည်တွေ ဝယ်ယူနေခြင်းနဲ့ပတ်သက်လို့လည်း ၎င်းတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဝေဖန်ထားခဲ့ပါတယ်။

တိုကျိုမှာပြုလုပ်နေတဲ့ Quad အဖွဲ့ ဆွေးနွေးပွဲတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးဖြစ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာနဲ့ သြစတြေးလျအကြီးတန်းသံတမန် ပင်နီဝေါင်တို့လည်း ပါဝင်ခဲ့ပါတယ်။

Ref: AFP


LEAVE A REPLY

Please enter your comment!
Please enter your name here