လားရှိုးမြို့အတွင်း ပိတ်မိနေသူများကို MNDAA က မြို့ပြင်သို့ထွက်ခိုင်း

0
198

လားရှိုးမြို့အတွင်း စစ်ရှောင်ရန် ကြိုးစားသော်လည်း တိုက်ပွဲအခြေအနေကြောင့် ပိတ်မိကာ ကျန်ရစ်နေသည့် ဒေသခံများကို MNDAA က မြို့ပြင်သို့ လမ်းလျှောက်၍ ထွက်ခိုင်းကြောင်း ဒေသတွင်း မြေပြင်စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူ တစ်ဦးထံက သိရသည်။

လားရှိုးမြို့တွင်းပိတ်မိနေသော ဒေသခံများကို စစ်ရှောင်အရေးဆောင်ရွက်နေသည့်အဖွဲ့များက ၎င်းတို့ရှိနေသည့် နေရာများတွင် သွားရောက်ခေါ်ယူခွင့်တောင်းသော်လည်း မြို့တွင်းသို့ မည်သူမျှပေးဝင်ခွင့် မပြုဘဲ အထွက်သာ ခွင့်ပြုထားသည်ဟု ဆိုသည်။

ထိုသို့ လမ်းလျှောက်ထွက်ကြရသည့်အခြေအနေမှာ မိုးရွားသွန်းနေသောအချိန်ဖြစ်ပြီး၊ စစ်ရှောင်များထဲတွင် သက်ကြီးရွယ်အိုများ၊ လေဖြတ်နေသူများ၊ လက်နက်ကြီးကျည်ထိမှန်သူများ၊ ဖျားနာနေသူနှင့် ကလေးငယ်များပါဝင်ကြောင်း သိရသည်။

“ကျွန်‌တော်ပူဆွေးနေတဲ့သူတွေကိုကိုယ်ချင်းစာတယ်ဗျာ။ လုပ်ပေးချင်တယ်အားလုံးကို ကူညီချင်တယ်။ ဒါကိုကယ်ဆယ်ရေးတွေကိုပေးမဝင်တဲ့ အဖွဲ့တွေကိုမြင်စေချင်တယ်ဗျာ။ ကိုယ်ချင်းစာစိတ် လူစိတ်ရှိပေးစေချင်တယ်။ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေလည်းပါတယ်ဗျ “ဟု ၎င်းက ဆိုသည်။

လားရှိုး မြို့စစ်ရှောင်များအား ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့တွင် ဖွင့်လှစ်ထားရာ အဆိုပါ စစ်ရှောင်စခန်းသို့ပို့ဆောင်ရန် လာကြိုသည့် ကယ်ဆယ်ရေးအဖွဲ့အား MNDAAက မြို့တွင်းဝင်ခွင့်မပြုဘဲ မြို့ပြင်တွင်သာ စောင့်ဆိုင်းခိုင်းခြင်းဖြစ်သည်။

ရှမ်းတောင်ရှိ ကျေးသီးစစ်ရှောင်စခန်းကို ယခုလ ဇူလိုင်(၂၅) ‌ရက်၌ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင် ပျှမ်းမျှစစ်ရှောင်ဦးရေ (၃၀၀)ဝန်းကျင် ရောက်လာနေကြောင်း ကျေးသီး စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးထံက သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here