ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် တောင်ကျရေစီးဆင်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် ပြိုကျပျက်စီးမှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

0
88

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြိုတွင် တောင်ကျရေ စီးဆင်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးမှု အခြေနေများ၊ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ရေတွင်း/ကန်များ၊ စိုက်ပျိုးလယ်မြေ ရေလွမ်းမိုးမှု အခြေအနေနှင့် တံတား (၂) စင်း ပြိုကျပျက်စီးခဲ့ရသည့် အခြေနေများကို သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သော မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို မြို့အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များမှ ဇူလိုင်(၂၈) ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့ဝင်များမှ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မြေနိမ့်ပိုင်းအတွင်းရှိ ရေကြီးနစ် မြုပ်မှု ဖြစ်ပွားခဲ့သည့် အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)ရပ်ကွက်ရှိ ပြည်သူများ သောက်သုံးရေ ရရှိရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အလားတူ ရေကြီးနှစ်မြုပ်ခဲ့သည့် ရေတွင်း/ကန်များ၊ စိုက်ပျိုးလယ်မြေ ရေလွမ်းမိုးမှု အခြေအနေနှင့် စိုက်ပျိုးပြီး စပါး ထိခိုက်၊ ပျက်စီးမှုစာရင်းများ ကောက်ယူခြင်းနှင့် တောင်ကျရေ စီးဆင်းပြီး ရေတိုက်စားမှုတို့ကြောင့် အမှတ်(၂)ရပ်ကွက်ရှိ ကျမ်းစာသင်ကျောင်းနှင့် အ-လ-ကကြက်တူရွေး ကျောင်းတို့၏ အုတ်တံတိုင်း ပြိုကျပျက်စီးမှု အခြေအနေကိုလည်း စစ်ဆေးခဲ့သည်။

ထို့ပြင် ပိုင်ကျုံမြို့ ကြက်တူရွေးကျေးရွာအုပ်စုအတွင်းရှိ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုးလမ်း) လမ်းမကြီးပေါ်၌ တံတားအမှတ် (၃/၂၂)၊ အရှည်(၂၀)ပေ၊ အကျယ်(၃၀)ပေ၊ အမြင့်(၁၀)ပေနှင့် တံတားအမှတ် (၁/၂ ၂)၊ အရှည်(၁၀)ပေ၊ အကျယ် (၃၀)ပေ၊ အမြင့် (၁၀)ရှိ သံကူကွန်ကရစ်တံတား(၂)စင်း ပြိုကျပျက်စီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားပြိုကျပျက်စီးမှုကြောင့် ပြည်သူများလမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရေး ရွာတွင်းလမ်းလွှဲမှ သွားလာနိုင်ရန် စီစဉ်ထားပြီး ယာယီဘေလီသံဘောင်တံတား ဆောက်လုပ်ခြင်းလုပ်ငန်းကို ဇူလိုင် (၃၀) ရက်တွင် လမ်းအထူး(၂၂)အဖွဲ့မှ လုပ်ငန်းစတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here