တစ်လကျော်ကြာ ဖြစ်ပွားနေသည့် ရှမ်းမြောက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် တရုတ်သဘောထား

0
820

တစ်လကျော်ကြာဖြစ်ပွားနေသည့် ရှမ်းမြောက်တိုက်ပွဲများ ယနေ့ ဇူလိုင်(၃၀) ရက် နံနက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေခြင်းများရှိနေသည်ဟု မြေပြင် စစ်ရှောင် အရေးကူညီဆောင်ရွက်ပေးသူများထံက သိရသည်။

ယမန်နေ့ ဇူလိုင်(၂၉)ရက်က တိုက်ပွဲများ တစ်ရက်ကြာ ငြိမ်သက်နေရာမှ ယနေ့တွင် ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိသည့် သာသနာ (၂၅၀၀) တောင်ခြေတဝိုက်နှင့် လားရှိုးဘူတာအနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ထိုအချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုအရ ပြည်တွင်း နိုင်ငံရေးအစုအဖွဲ့ ခေါင်းဆောင်တာဝန်ယူထားသည် ပါတီ(၄)ပါတီမှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့ ဇူလိုင် (၂၀)ရက်မှ (၂၇) ရက်အထိ တစ်ပတ်ကြာလေ့လာရေးခရီးသွားရောက်ခဲ့ကြသည်။

အဆိုပါ ခရီးစဉ်အတွင်း ပြည်တွင်း နိုင်ငံရေးအစုအဖွဲ့ခေါင်းဆောင်များနှင့် တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mis Sum Hai Yam တို့တွေ့ဆုံကြရာမြန်မာနိုင်ငံအရေးနှင့်ပတ်သတ်၍ အချက်(၄)ချက်ကို ပြောကြားခဲ့ကြောင်း လေ့လာရေးစဉ်အတွင်း ပါဝင်သည့် USDP ပါတီကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးလှဆွေက ဘုလက်သတင်းဂျာနယ်တွင် ရေးသားထားသည်ကိုတွေ့ရသည်။

၎င်း၏ ဘုလက်မှာတမ်း ရေးသားချက်တွင် ပြည်တွင်းတည်ငြိမ်ရေးကို မြန်မာအစိုးရကသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mis Sum Hai Yam က ပြောကြားထားသည်ဟု ဆိုကာ ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် Mis Sum Hai Yam က “မြန်မာ့အရေး၌ သူပုန်များကို ၎င်းတို့ တရုတ်အစိုးရမှ လက်နက်၊ ခဲယမ်း၊ ငွေကြေး ထောက်ပံ့မှု လုံးဝမရှိကြောင်း၊ မည်သည့်နိုင်ငံများ၊ မည်သည့်အဖွဲ့အစည်းများက ပေးကမ်းနေသည်ကို မိမိတို့သိရှိကြောင်း၊သူပုန်များကိုနိုင်အောင်တိုက်ပြီး အေးချမ်းတည်ငြိမ်မှုကို ရစေချင်သောကြောင့် မြန်မာအစိုးရလိုအပ်တာ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုပ်မည်ကို ကြိုဆိုကြောင်းရွေးကောက်ပွဲက တက်လာမည့်အစိုးရကိုလည်း အသိအမှတ်ပြုမည်ဖြစ်ကြောင်း မိမိတို့နိုင်ငံသည် ယခင်ကတည်းက မြန်မာအစိုးရအဆက်ဆက်ကို ထောက်ခံအားပေးခဲ့သည့်နည်းတူ လက်ရှိလည်း ဒီအတိုင်းသာဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု ဆိုထားသည်။

လက်ရှိတွင် ရှမ်းမြောက်ပိုင်းတိုက်ပွဲများသာမက ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ၊စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းတို့တွင် တပ်မတော်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားနေဆဲဖြစ်သည်။

ကုလသမဂ္ဂ၏ ယခု ဇူလိုင် လဆန်းပိုင်းကထုတ်ပြန်ခဲ့သည့် လူသားချင်းစာနာမှုဆိုင်ရာ အသိပေးချက်တွင် တိုက်ပွဲများကြောင့်တစ်နိုင်ငံလုံးအတိုင်းအတာအရ လူဦးရေ (၃) သန်းခန့် ပြည်တွင်းနေရပ်စွန့်ခွာရနိုင်ကြောင်း ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here