မန္တလေး ကျုံးရေ ရေလျော့နည်းနေကာ ကျုံးရေ အမှီပြုနေသည့် နေအိမ်များရေပြတ်လပ်နေ

0
133

မန္တလေးမြို့တွင် မန္တလေး ကျုံးရေ ရေလျော့နည်းနေကာကျုံးရေကို အမှီပြုနေရသည့် နေအိမ်များရေပြတ်လပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကျုံးရေ လျော့နည်းနေခြင်းကြောင့် ကျုံးရေကို အသုံးပြုနေရသည့် နေအိမ်များထံ ရေပို့ဆောင်ခြင်းကို ခေတ္တရပ်နားထားပြီး ကျုံးရေ Level ပြည့်မီပါက ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

“တနိုင်ငံလုံး နီးပါး မိုးရွာ ရေကြီးနေတာ၊ တောင်သူတွေလည်း ရေပြတ်လပ်လို့ ဒုက္ခ ရောက်ကြတာ၊ မိုးက လိုတဲ့အရပ်မသွား ၊ မလိုတဲ့အရပ်မှာများနေပါရော” ဟု မန္တလေးမြို့ခံတစ်ဦးက သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်မျှဝေထားသည်။

လက်ရှိတွင် နန်းရှေ့ ရပ်ကွက်များရှိ နေအိမ်များကို မြို့နယ်မီးသတ်က မီးသတ်ကားဖြင့် အလှည့်ကျ ရေဖြည့်ပေးနေကာ ချိုးရေကိုတော့ ရေရနိုင်သေးသည့် နေရာများ၌ သွားရောက် အသုံးပြု ချိုးသုံးနေရကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအမံဖြင့် ဧရာဝတီမြစ်ရေကို ကျုံးအတွင်း ထည့်နိုင်ရန် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

မန္တလေးကျုံးရေ လျော့နည်းနေသလို မတ္တရာမြို့နယ် အတွင်းရှိ ဆည်တော်ကြီးရေပါ ဖြတ်တောက်ခံထားရသောကြောင့် ဆည်မှ အဓိကပေးဝေနေသည့် ရေပါမရတော့ဘဲ ပုသိမ်ကြီးမြို့နယ်ရှိ စပါးစိုက်တောင်သူများပါ ဒုက္ခရောက်နေကြောင်းလည်း သိရသည်။

ဆည်တော်ကြီးမှ ရေဖြတ်တောက်ထားရသည့် အကြောင်းရင်း အတိအကျကိုမူ ပေါ်ပြူလာနယူးအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဒေသခံများထံ ဆက်သွယ်ကြည့်သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။

ယခင်က ရေပြတ်လတ်ပါက မန္တလေးမြို့၊ ကုန်းတန်းရပ်ကွက်ရှိ ရေနီမြောင်း၌ သွားရောက်အသုံးပြု ချိုး/သုံးခဲ့သော်လည်း ယခုအခါ ဆည်တော်ကြီးမှ ရေမလွှတ်သောကြောင့် ထိုရေမြောင်း၌ပါ ရေမရှိသည့်အတွက် ရေအခက်အခဲ ပိုဖြစ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here