ဝါရှင်တန် ဒီစီမြို့တွင် ပြုလုပ်သည့် Education USA Forum ပညာရေးဆိုင်ရာပြပွဲသို့ မြန်မာသံရုံးမှ ပါဝင်ပြသ

0
251

အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဗျူရိုက စီစဉ်ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ Education USA Forum ပညာရေးဆိုင်ရာပြပွဲ၌ မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် နိုင်ငံတကာ ကျောင်းသား/ ကျောင်းသူများ မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာ တက္ကသိုလ်များ၌ မြန်မာဘာသာစကားသင်ယူနိုင်မှု အစီအစဉ်များကို မြန်မာသံရုံးက ပါဝင်ပြသခဲ့ကြောင်း သိရသည်။ 

၎င်းပညာရေးဆိုင်ရာ ပြပွဲကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့ရှိ JW Marriott Hotel ၌ ဇူလိုင် (၃၁)ရက်က ပြုလုပ်ခဲ့ရာ ဝါရှင်တန်မြို့၊ မြန်မာသံရုံးက ပါဝင်ပြသခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အချက်အလက်များ၊ မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် ဆောင်ရွက်ချက်များ၊  နိုင်ငံတကာကျောင်းသား/ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံခြား ဘာသာတက္ကသိုလ်များ၌ မြန်မာဘာသာစကားသင်ယူနိုင်မှု အစီအစဉ်များနှင့်စပ်လျဉ်း၍ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တက်ရောက်လာကြသူများ၏ မေးမြန်းမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြပွဲ၌ မြန်မာ့ရိုးရာ ယွန်းထည်နှင့် လက်မှုပစ္စည်းများကိုလည်း ခင်းကျင်းပြသခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ပညာရေးဆိုင်ရာပြပွဲသို့ အမေရိကန်နိုင်ငံရှိ နိုင်ငံခြားသံရုံးပေါင်း (၆၀) ကျော် ပါဝင်ပြသခဲ့ကြပြီး၊ အမေရိကန်တက္ကသိုလ်/ကောလိပ်အများအပြားမှ ကိုယ်စားလှယ်များနှင့် Education USA စင်တာများမှ ပညာရေးအကြံပေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပါဝင်ပြသသည့် နိုင်ငံခြားသံရုံးများက သက်ဆိုင်ရာနိုင်ငံများ၏ ပညာရေးစနစ်နှင့် အခွင့်အလမ်းများ ဝေမျှဆွေးနွေးခြင်းနှင့် အမေရိကန် တက္ကသိုလ်/ကောလိပ်များမှ ကိုယ်စားလှယ်များက အမေရိကန်နိုင်ငံ၌ အဆင့်မြင့်ပညာသင်ယူနိုင်ရေးဆိုင်ရာ အခွင့်အလမ်းများကို ရှင်းလင်းပြောကြားပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here