ဗီယက်နမ်နှင့်ဖိလစ်ပိုင် တောင်တရုတ်ပင်လယ်၌ စစ်ရေးလေ့ကျင့်မည်

0
368

ဟနွိုင်း၊ဩဂုတ် ၁

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ ပေကျင်းနှင့်အငြင်းပွားနေသည့် နိုင်ငံများအကြား ပထမဆုံးပူးတွဲဆောင်ရွက်မှုအဖြစ် ဖိလစ်ပိုင်နှင့်ဗီယက်နမ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ဗီယက်နမ်ကမ်းရိုးတန်းစောင့်သင်္ဘောတစ်စီး သည်ဖိလစ်ပိုင်သို့ရောက်ရှိလာပြီဖြစ်ကြောင်း ဟနွိုင်းကပြောကြားခဲ့သည်။

ပေကျင်းသည် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်းအခိုင်အမာ ပြောဆိုထားသော်လည်း ဖိလစ်ပိုင်၊ဗီယက်နမ်နှင့် အခြားနိုင်ငံများကမူ လက်မခံကြဘဲ ကျွန်းများ၊ကျွန်းငယ်များ၊ကျောက်တန်းများနှင့်သဲသောင်များပါဝင်ပြီး အဓိကကျသည့်ရေလမ်းကြောင်းသည် နိုင်ငံအားလုံးနှင့်သက်ဆိုင်သည်ဟုပြန်လည် ပြောကြားခဲ့သည်။

ဇန်နဝါရီလက ဖိလစ်ပိုင်သမ္မတ၏ ဗီယက်နမ်ခရီးစဉ်အတွင်း ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန်နှင့် တောင်တရုတ်ပင်လယ်ပြင်၌ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များကို ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူညီခဲ့ကြသည်ဟုလည်းသိရသည်။

တန်ချိန် ၂,၄၀၀ ရှိသောဗီယက်နမ်ကမ်းခြေစောင့်သင်္ဘော CSB 8002 သည် ဗီယက်နမ်ရေပိုင်နက်မှထွက်ခွာကာ ဖိလစ်ပိုင်နိုင်ငံသို့ဦးတည်သွားနေပြီဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေငြာခဲ့သည်။

ယခုခရီးစဉ်သည် နှစ်နိုင်ငံကမ်းရိုးတန်းစောင့်တပ်များ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးနှင့် ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးစွမ်းရည်ကို မြှင့်တင်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်သကဲ့သို့ ဒေသတွင်းငြိမ်းချမ်းရေး၊တည်ငြိမ်ရေး၊လုံခြုံရေးနှင့်ဘေးကင်းရေးတို့ကို ထိန်းသိမ်းရာတွင်အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဗီယက်နမ်နှင့်ဖိလစ်ပိုင်တို့သည် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေငြာခဲ့သည်။

Source : အေအက်ဖ်ပီ/အယ်လ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here