မူဆယ်တွင် တရုတ်ငွေ ဈေးနှုန်း နေ့စဉ်မြင့်တက် ၊ လုပ်ငန်းရှင်များက ကျပ်ငွေဖြစ်သာ လုပ်ခရှင်းလာ ဟုဆို

0
190

ရှမ်းပြည်မြောက်ပိုင်း မူဆယ်တွင် တရုတ်ယွမ်ငွေဈေးနှုန်း နေ့စဉ်မြင့်တက်လျှက်ရှိပြီး၊ လုပ်ငန်းရှင်များက ယခင် တရုတ်ယွမ်ငွေဖြင့် လုပ်အားခရှင်းနေရာမှ ယခုအခါ ကျပ်ငွေဖြင့်သာ ရှင်းပေးနေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

ယမန်နေ့ ဩဂုတ် (၁)နေ့တွင် ယွမ် (၁၀၀) လျှင် ကျပ်ငွေ( ၆၉,၅၀၀)ရှိနေရာမှ ယနေ့ ဩဂုတ်(၂)ရက် နံနက်ပိုင်းတွင် ယွမ် (၁၀၀)လျှင် ကျပ် (၇၀,၅၀၀)အထိ မြင့်တက်လာသည်ဟု ဆိုသည်။

ယခု ဇူလိုင်လ ပထမပတ်အတွင်း ယွမ် (၁၀၀)လျှင် ကျပ်ငွေ (၆၅,၀၀၀)သာရှိနေရာမှ နေ့စဉ် ကျပ်(၅၀၀)မှ (၁၀၀၀) အကြား မြင့်တက်လာကာ၊ ယင်း သည် မနက်နှင့် ညနေ ငွေဈေးအပြောင်းအလဲများ အချိန်နှင့်အမျှထိုးတက်နေခြင်းဖြစ်ကြောင်း သိရသည်။

” မြန်မာငွေဈေးက ကျသွားတယ်ပြောရမှာဘဲ။ တရုတ်ငွေကနေ မြန်မာငွေယူရင် တစ်ဈေး၊မြန်မာငွေကနေ တရုတ်ငွေလဲရင် တစ်ဈေး။ ကျပ်တစ်ထောင့်ငါးရာလောက် ပိုတယ်။”ဟု၎င်းက ရှင်းပြသည်။

မူဆယ်မြို့အတွင်း အလုပ်လုပ်ကိူင်နေသော သူများအနေဖြင့်လည်း ယခင်က ယွမ်ငွေဖြင့် လုပ်အားခ ရှင်းပေးနေရာမှ တရုတ်ငွေဈေး မြင့်တက်လာပြီးနောက်ပိုင်း ကျပ်ငွေဖြင့်သာ အများစုရှင်းပေးနေကြောင်း သိရသည်။

“တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ရတဲ့ကျပ်ငွေနဲ့က ဘယ်လိုမှ သုံးစွဲလို့မရတာ။ လုပ်ငန်းရှင်တွေကလည်း ပေါက်ဈေးအတိုင်းရှင်းပေးတာမဟုတ်ဘူး။ မြန်မာ‌ငွေနဲ့ လုပ်အားခသတ်မှတ်ပြီးဘဲ ရှင်းပေးတော့တာ။ အခြေလုပ်သားတစ်ယောက်ဆို ကိုးသိန်းလောက်ရတယ်ဆိုပေမယ့် ဘယ်လိုမှမလောက်ဘူး။”ဟု ဒေသခံ လုပ်သားတစ်ဦးက ပြောသည်။

လက်ရှိ မူဆယ်မြို့တွင် ယွမ်ဈေးနှုန်းများ တစ်ရိပ်ရိပ်မြင့်တက်နေပြီး၊ တစ်ဖက်တွင်လည်း ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် အခြေခံစားကုန်များ ယခင်ထက် နှစ်ဆမြင့်တက်လာနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here