ပဲခူးမြို့နယ်အတွင်း မြစ်ရေ ကျဆင်းလာပြီဖြစ်၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်သွားမည်

0
199

ယခင်နှစ်က ရေအတက်များပြီး အတက်အကျမြန်ခဲ့ကာ ယခုနှစ်ရေအတက်နည်းသော်လည်း အကျကြာ

ပဲခူးမြို့နယ်အတွင်း မြစ်ရေ ကျဆင်းစပြုနေပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တစ်ပါတည်း ဆောင်ရွက်သွားရန်နှင့် ရေကြီးမှုဖြစ်စဉ်ကြောင့်လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး အလေးထားလုပ်ဆောင်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားထားသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီများနှင့် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကတွေ့ဆုံစဉ် ယင်းကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေ ပြန်လည်စတင်ကျဆင်းနေပြီဖြစ်၍ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အများနှင့်သက်ဆိုင်သည့် နေရာများတွင် သန့်ရှင်းရေးပြုလုပ်ပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တပါတည်းဆောင်ရွက်သွားရမည် ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့် စာသင်ကျောင်းများရှိ ကျောင်းသား/ သူများအား ကျောင်းပိတ်ရက် အစားထိုး သင်ကြားခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားရမည်ကိစ္စရပ်များလည်းပါဝင်သည်။ 

ရေကြီးနစ်မြှုပ်သည့် ဒေသများတွင် အခြေခံစားသုံးကုန်များ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဖွဲစည်းထားပြီးဖြစ်သည့် တိုင်းဒေသကြီး/ခရိုင်/မြိုနယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့များက အနီးကပ်ကြီးကြပ် စစ်ဆေးရန် လိုအပ်ပြီး ရေကြီးမှုဖြစ်စဉ်ကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုပြတ်တောက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့ပြင် ရေပြန်လည်ကျဆင်းသွားသည့် ဒေသများရှိ သီးနှံစိုက်ခင်း အမျိုးအစားအလိုက် ရေနစ်မြုပ်ဆဲဧက၊ ရေပြန်ပေါ်ဧက၊ ထိခိုက်ဧက၊ ပျက်စီးဧကစာရင်းများ စနစ်တကျပြုစုထားရန်နှင့် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးကိုလဘည်း ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကလည်း ရေကြီးနစ်မြုပ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ရေဘေး ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နေမှုစသည့် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)မှ ပဲခူးမြစ်ရေစီးထွက်နေမှု၊ ပင်စည်ရပ်ကွက်အတွင်း ကားလမ်းရေကျော်နေမှု၊ ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာအနီး (၃၉)မိုင် စစ်ဆေးရေးဂိတ် ရေဝင်ရောက်နေမှုနှင့် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ဘုရားကြီးမြိုနှင့် ပဲခူးမြိုသွားကားလမ်း ရေကျော်နေမှုတို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here