မန္တလေး ကျုံးအတွင်းသို့ တနေ့လျှင် ရေဂါလန်လေးသန်း ဖြည့်သွင်းမည်

0
185

မန္တလေးမြို့ရှိ ကျုံးအတွင်းသို့ စက်ရေတွင်းငါးတွင်းမှ တစ်နေ့လျှင် ဂါလန်လေးသန်း မကြာမီ ထပ်မံဖြည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ရေဖြည့်သွင်းခြင်းကို စာတိုက်ကြီး ရေပေးဝေရေးဝင်းအတွင်းရှိ စက်ရေတွင်း (၅)တွင်းမှ တစ်နေ့လျှင် ဂါလန်လေးသန်းကို မကြာမီ ထပ်မံဖြည့်သွင်းမည် ဖြစ်သည်။

ပြီးခဲ့သည့် ရက်များကလည်း ဧရာဝတီမြစ်ရေစုပ်တင်ရယူကာ ၁၂ လက်မ ပိုက်ဖြင့် တစ်နေ့လျှင် နာရီ ၂၀ ဖြင့် ဂါလန် ၁.၂ သန်း၊ ရှစ်လက်မပိုက်ဖြင့် တစ်နေ့လျှင် နာရီ ၂၀ ဖြင့် ဂါလန် ၈ သိန်း စုစုပေါင်းတစ်နေ့လျှင် ဂါလန် ၂ သန်းကို ဖြည့်သွင်းပေးခဲကြောင်း သိရသည်။

လက်ရှိတွင် ဆည်တော်ကြီးရေမရရှိခြင်းကြောင့် မန္တလေးတူးမြောင်းမကြီးမှတဆင့် ကျုံးအတွင်းသို့ ရေဝင် ရောက်မှုမရှိသော်လည်း ကျုံးအတွင်းသို့ ရေပေးသွင်းခြင်းနှင့် ကျုံးရေမှ ပြည်သူများသို့ သောက်သုံးရေ ပေးဝေခြင်းများကို ပုံမှန်အနေအထားသို့ ရောက်ရှိအောင် အမြန်ဆုံး ဆောင်ရွက်နေကြောင်း သိရသည်။

မန္တလေး ကျုံးရေ ရေလျော့နည်းနေသောကြောင့် ကျုံးရေ အမှီပြုနေသည့် နေအိမ်များရေပြတ်လပ်နေကာ နန်းရှေ့ ရပ်ကွက်များရှိ နေအိမ်များကို မြို့နယ်မီးသတ်က မီးသတ်ကားဖြင့် အလှည့်ကျ ရေဖြည့်ပေးနေရကြောင်းလည်း သိရသည်။

ကျုံးရေ လျော့နည်းနေခြင်းကြောင့် ကျုံးရေကို အသုံးပြုနေရသည့် နေအိမ်များထံ ရေပို့ဆောင်ခြင်းကို ခေတ္တရပ်နားထားပြီး ကျုံးရေ Level ပြည့်မီပါက ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ယခင်က ရေပြတ်လတ်ပါက မန္တလေးမြို့၊ ကုန်းတန်းရပ်ကွက်ရှိ ရေနီမြောင်း၌ သွားရောက်အသုံးပြု၍ရခဲ့သော်လည်း ယခုအခါ ဆည်တော်ကြီးမှ ရေမလွှတ်သောကြောင့် အဆိုပါရေမြောင်း၌ပါ ရေမရှိသည့်အတွက် ရေအခက်အခဲ ပိုဖြစ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here