ဘင်္ဂလားဒေ့ရှ်မှာ ထောင်ချီတဲ့ ဆန္ဒပြသူတွေက ဟာစီနာ နုတ်ထွက်ဖို့ တောင်းဆို

0
335
Students from Qawmi Madrasa take part in a procession after the Friday prayers demanding justice for victims arrested and killed in the recent countrywide violence in Dhaka on August 2, 2024. (Photo by Munir UZ ZAMAN / AFP)

မြို့တော် ဒါကာနှင့် ဘင်္ဂလားဒေ့ရှ်၏ အခြားဒေသများမှာ ဝန်ကြီးချုပ် ဟာစီနာနုတ်ထွက်ပေးရေး တောင်းဆိုသည့် ထောင်နှင့် ချီသော ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့သကဲ့သို့ ရုန်းရင်းဆန်ခတ်မှုတွင် လူ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လက အစိုးရဝန်ထမ်း အလုပ်အကိုင်ခွဲတမ်းစနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများပေါ်ပေါက်ခဲ့၍ ‌ေ-သဆုံးခဲ့ရသူ ၁၅၀ ဦး၏ မိသားစုဝင်များအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးရန်ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြသည်။

ဒါကာမြို့တွင် လူငယ်များစွာက “တရားမျှတမှု လိုချင်တယ်” ဟူသော ကြွေးကြော်သံများ အော်ဟစ်ကာ အစိုးရဆန့်ကျင်ရေး စာတမ်းများကို ကိုင်ဆောင် ချီတက်ခဲ့ကြသည်။ နိုင်ငံ၏ အခြားနေရာများတွင် ဖြစ်ခဲ့သည့် ဆန္ဒပြပွဲများတွင် အာဏာရ အဝါမီလိဂ်ပါတီ၏ ခရိုင်ရုံးတစ်ခု အပါအဝင် အဆောက်အအုံများ မီးရှို့ခံခဲ့ရသကဲ့သို့ ရဲတပ်ဖွဲ့ လုံခြုံရေးဂိတ်တဲများမီးရှို့ခံရကာ သံချပ်ကာယာဉ်များ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

နိုင်ငံ အရှေ့မြောက်ပိုင်း Habibganj မြို့တွင် ၎င်းတို့အား တိုက်ခိုက်လာသော လူစုကို ရာဘာကျည်နှင့် မျက်ရည်ယိုဗုံးများ အသုံးပြုပစ်ခတ်ခဲ့သကဲ့သို့ အနီးရှိ Sylhet မြို့တွင် အသံဗုံးများဖောက်ခွဲကာ ဆန္ဒပြသူများကို လူစုခွဲခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။ Sylhet မြို့တွင် လူ ၂၀ ခန့် ဒဏ်ရာရခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

 ပြီးခဲ့သည့်လက ကျောင်းသားထု ဦးဆောင်သော အစိုးရအလုပ်အကိုင် ခွဲတမ်းစနစ်ဆန့်ကျင် ဆန္ဒပြမှုများအတွင်း ရုန်းရင်းဆန်ခတ် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် လူ ၁၅၀ ဦးထက်မနည်း ‌ေ-သဆုံးကာ ၁၀၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။

တရားရုံးချုပ်က ခွဲတမ်းနေရာအများစုအား ဖျက်သိမ်းပေးခဲ့ပြီးနောက် ဆန္ဒပြမှုများ ရပ်တန့်သွားခဲ့သည်။

ယခုသီတင်းပတ်တွင် ကျောင်းသားများ လမ်းပေါ်ပြန်ထွက်လာကာ ဟိုတစ်စု သည်တစ်စု ဆန္ဒပြမှုများလုပ်ခဲ့ပြီး ဆန္ဒပြပွဲများအတွင်း ‌ေ-သဆုံးခဲ့သူများ၏ မိသားစုများအတွက် တရားမျှတမှု တောင်းဆိုခဲ့ကြသည်။

ဟာစီနာကို ဝေဖန်သူများနှင့် လူအခွင့်အရေးအုပ်စုများက သူ၏ အစိုးရသည် ဆန္ဒပြမှုများကို အင်အားအလွန်အကျွံသုံး နှိမ်နင်းခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ယင်းစွပ်စွဲချက်ကို ဟာစီနာနှင့် သူ၏ အစိုးရဝန်ကြီးများက ငြင်းဆိုခဲ့သည်။

Ref: yahoo news


LEAVE A REPLY

Please enter your comment!
Please enter your name here