မန္တလေးမြို့က မီနီအိုးဝေမောင်းနှင်သူ တစ်ဦး ယာဉ်နှင့်အတူ ပျောက်ဆုံးနေရာ (၅) ရက်ကြာ အထိ ပြန်မတွေ့သေး

0
736

မန္တလေးမြို့က မီနီအိုးဝေမောင်းသူ အမျိုးသား တစ်ဦး ခရီးသည် လိုက်ပို့ရာမှ မီနီအိုးဝေ ယာဉ်နှင့်အတူ ပျောက်ဆုံးနေရာ ဩဂုတ် (၃) ရက်တွင် (၅) ရက်မြောက်ရှိပြီဖြစ်ကြောင်း ဖြစ်စဉ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်နေထိုင်သည့် မီနီအိုးဝေမောင်းနှင်သူ အသက် (၃၃) နှစ်အရွယ် ဦးဇင်မျိုးဦး မှာ ဇူလိုင် (၂၉)ရက်၊ ညနေ (၄) နာရီခွဲအချိန်က ချမ်းမြရွှေပြည်ယာယီကားကွင်းမှ မန္တလေးတောင်ခြေဘက်သို့ ခရီးသည် (၃) ဦးကို လိုက်ပို့ရာမှ လက်ရှိအချိန်ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိတော့ပဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။

“အိုးဝေမောင်းသူရဲ့အမျိုးသမီးဟာ ခုဆိုရင် ပူပင်သောကတွေနဲ့ သူ့အမျိုးသား အိမ်ပြန်အလာကို မျှော်နေပါတယ်။ ပစ္စည်းပြန်မရချင်နေပါ။ လူကိုတော့ ဘာမှမလုပ်ကြပါနဲ့လို့။ ဘဝတူတွေ အချင်းချင်းမို့ စိတ်မကောင်းဘူးဗျာ။”ဟု နီးစပ်သူ ကိုငြိမ်းချမ်းက လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။

၎င်းမှာ အမျိုးသမီးဖြစ်သူနှင့်အတူ မန္တလေးသို့ ပြောင်းရွှေ့လာပြီး နှစ်ဦးတည်း နေထိုင်ကာ မီနီအိုးဝေမောင်းနှင်နေသည်မှာ (၂) လသာ ရှိသေးကြောင်း သိရသည်။

၎င်းပျောက်ဆုံးမှုနှင့် ပတ်သက်၍ လူပျောက်တိုင်တန်းချက်အား အိုးဝေမောင်းနှင်သူ နေထိုင်သည့် သက်ဆိုင်ရာ အောင်ပင်လယ်နယ်မြေ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

ဇူလိုင် (၃၁)ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြိုနယ်တွင် မီနီအိုးဝေမောင်းနှင်သူကို အမည်မသိ လူငယ် (၃)ဦးမှ ဓ-ါးဖြင့် ထိုးပြီး မီနီအိုးဝေ လုယက်ခံရမှု တစ်ခု ဖြစ်ပွားခဲ့သေးကြောင်း ဖြစ်စဉ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။

မန္တလေးမြို့တွင် မီနီအိုးဝေမောင်းနှင်သူများကို ခရီးသည်ဟန်ဆောင်၍ အဝေး တစ်နေရာသို့ လိုက်ပို့ ခိုင်းကာ လမ်းခုလတ်၌ လုယက်သည့် ဖြစ်စဉ်များ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း မြို့ခံတို့က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here