နိုင်ငံတစ်ဝန်းသို့ စက်သုံးဆီများနေ့စဉ် ပုံမှန်လိုအပ်သည့် ပမာဏထက် ပိုမိုဖြန့်ဖြူးပေးနေ

0
139

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းသို့ စက်သုံးဆီများ နေ့စဉ်ပုံမှန်ဖြန့်ဖြူးပေးနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

သို့သော် နိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒေသအချို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသဖြင့် လမ်းခရီးအခြေအနေအရ စက်သုံးဆီသယ်ယူပို့ဆောင်ရာတွင် ပုံမှန်ထက်အနည်းငယ် နှောင့်နှေးကြန့်ကြာမှုများရှိနိုင်ကြောင်း သိရသည်။

ယင်းကဲ့သို့ နှောင့်နှေးကြန့်ကြာမှုများ ရှိနိုင်သော်လည်း စက်သုံးဆီ ပြတ်လပ်မှုမရှိစေရန်အတွက် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ရှိ (၉၈) ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးရှိ (၁၉၆) ဆိုင်နှင့် မန္တလေးတိုင်းဒေသကြီးရှိ (၆၉၂) ဆိုင်တို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင် (၃၀၀၀) ကျော်တို့သို့ ဆီတင်ယာဉ်များဖြင့် နေ့စဉ်ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် လိုအပ်ပါက Urgent အစီအစဉ် ၊ Special အစီအစဉ်တို့ဖြင့်လည်း ထပ်မံပြီးတစ်ရက်လျှင် ဓာတ်ဆီနှင့်ဒီဇယ်ဆီစုစုပေါင်း ဂါလန် (၃) သန်းခန့်အား ပိုမိုဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင်စိစစ်မှုအရ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင် (၁၀၀) အနက်မှ (၅) ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင် (၁၄၆) အနက်မှ (၂၄) ဆိုင်နှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အရောင်းဆိုင်(၁၆၃) အနက်မှ (၁၉) ဆိုင်တို့တွင်သာ စုပြုံတန်းစီဝယ်ယူမှုဖြစ်ပေါ်နေပြီး ကျန်စက်သုံးဆီဆိုင်များတွင် ဆီရှိသော်လည်း ဝယ်ယူမှုနည်းပါးကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် မလိုအပ်ဘဲအချိန်ကြန့်ကြာစွာ ဝယ်ယူရခြင်း၊ လမ်းသွားလမ်းလာအများပြည်သူ၊ ခရီးသွားမော်တော်ယာဉ်များအတွက် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေခြင်းတို့ မရှိစေရေး တန်းစီဝယ်ယူနေသောအရောင်းဆိုင်များအပြင် ကျန်နီးစပ်ရာအရောင်းဆိုင်များသို့လည်း သွားရောက်ဝယ်ယူကြရန် တိုက်တွန်းနှိုးဆော်ထားသ ည်။

လက်ရှိ စက်သုံးဆီဝယ်မရသည့် အခြေအနေနှင့် ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရန်နှင့် ပြတ်လပ်မှုမရှိစေရန်အတွက် သီလဝါဆိပ်ကမ်းဒေသရှိ သိုလှောင်ကန်စခန်းများ၌ ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယလပတ်ကုန်အထိ စက်သုံးဆီဖူလုံစွာ သုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့်ဖြူးလျက်ရှိပြီး ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ စဉ်ဆက်မပြတ်ဝင်ရောက်ရန် စီမံကြီးကြပ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here