U -12 Junior Soccer World Challenge ပြိုင်ပွဲဝင် (၄၈) သင်းအား (၄)သင်းစီ (၁၂) အုပ်စုခွဲ၍ ကစားမည်

0
274

U -12 Junior Soccer World Challenge 2024 ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် (၂၀) ရက်မှ (၂၃) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း (၄၈) သင်းကို (၄)သင်းစီဖြင့် အုပ်စု(၁၂)စုခွဲ၍ ပထမအဆင့် (Preliminary League) ပွဲစဉ်အား ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။

ပထမအဆင့် (Preliminary League) တွင် အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်နိုင်သည့် အသင်း နှစ်သင်းစီ၊ စုစုပေါင်း (၂ ၄) သင်းမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲ (Final Tournament) သို့ တက်ရောက် ကစားခွင့်ရမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အဆင့် (၃)၊ (၄) ရ အသင်း (၂၄) သင်းမှာ အောက်အဆင့်ပြိုင်ပွဲ (LowerTournament) ၌ ဆက်လက်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ပထမအဆင့် ပြိုင်ပွဲ (Preliminary League) တွင် (၁၅) မိနစ် နှစ်ပိုင်း( နားချိန် (၅)မိနစ်)၊ နောက်ဆုံးအဆင့်ပြိုင်ပွဲ (Final Tournament) တွင် (၂၀) မိနစ် နှစ်ပိုင်း( နားချိန် (၅) မိနစ်)၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်တွင် (၂၅)မိနစ် နှစ်ပိုင်း( နားချိန် (၁၀) မိနစ်)၊ အောက်အဆင့်ပြိုင်ပွဲ (Lower Tournament) ကိုမူ (၁၅) မိနစ် နှစ်ပိုင်း( နားချိန် (၅) မိနစ်) ပုံစံများဖြင့် ကျင်းပသွားမည်ဖြစ်သည်။

မြန်မာ ယူ – ၁၂ အသင်းသည် ယခုနှစ် ပြိုင်ပွဲတွင် ပထမအဆင့် (Preliminary League)၏ အုပ် စု(D) ၌ အိမ်ရှင်ဂျပန်ကလပ်အသင်းများဖြစ်သည့် Tozuka Football Club Junior၊ Kashima Antlers Norte၊ FC Basara Hyogo အသင်းများနှင့် ကျရောက်လျက်ရှိသည်။

မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုပွဲများအဖြစ် သြဂုတ် (၂၀) ရက်တွင် Tozuka Football Club Junior အသင်း၊ Kashima Antlers Norte အသင်း၊ သြဂုတ် (၂၁) ရက်တွင် FC Basara Hyogo အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ ယူ – ၁၂ အသင်းကို ပဏာမကစာသမား (၂၇) ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်ဟောင်း ဦးမင်းသူက ကိုင်တွယ်လျက်ရှိသည်။

မြန်မာ ယူ – ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here