ဖိလစ်ပိုင်နှင့်ဂျပန်စစ်တပ်များ တောင်တရုတ်ပင်လယ်၌ ပူးတွဲစစ်ရေးလေ့ကျင့်

0
128

မနီလာ၊ဩဂုတ် ၂

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း ဩဇာလွှမ်းမိုးမှုမြင့်မားလာမှုကို တန်ပြန်သည့်အနေဖြင့် ဖိလစ်ပိုင်နှင့်ဂျပန်တို့သည် တောင်တရုတ်ပင်လယ်အတွင်း၌ ပထမဆုံး အကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ (၂) ရက်နေ့ကပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင်ကပြောကြားခဲ့သည်။
 
ဖိလစ်ပိုင်၏သီးသန့်စီးပွားရေးဇုန်အတွင်းပြုလုပ်ခဲ့သည့် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် မနီလာနှင့်ဝါရှင်တန်တို့အကြား ဗုဒ္ဓဟူးနေ့ကအလားတူပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအပြီးတွင် ထပ်မံပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

“ဒီစစ်ရေးလေ့ကျင့်မှုဟာ လွတ်လပ်ပြီးပွင့်လင်းတဲ့ အင်ဒို – ပစိဖိတ်ဒေသကိုအကောင်အထည်ဖော်ဖို့ ဒေသတွင်းနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေအားကောင်းလာစေဖို့ ဆက်လက်ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်” ဟုလည်း ဖိလစ်ပိုင်စစ်တပ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အမေရိက၏ မဟာမိတ်နှစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နှင့်ဂျပန်တို့သည် ပြီးခဲ့သည့်လကလည်း နှစ်နိုင်ငံမြေပြင်တပ်ဖွဲ့များ အသီးသီးတပ်ဖြန့်ခွင့်ပါဝင်သည့် အရေးပါသောစစ်ရေးသဘောတူညီမှုစာချုပ်တစ်ခုကိုလည်းချုပ်ဆိုခဲ့ကြသေးသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်၏ပိုင်နက်အစိတ်အပိုင်းအားလုံးနီးပါးကို ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာတောင်းဆိုထားပြီး ဘရူနိုင်း၊မလေးရှား၊ဖိလစ်ပိုင်၊ထိုင်ဝမ်နှင့်ဗီယက်နမ်တို့ကလည်း အဆိုပါတောင်းဆိုမှုကို လက်မခံဘဲ နိုင်ငံတကာရေလမ်းကုန်သွယ်ရေး လမ်းကြောင်းသာဖြစ်ကြောင်းတုန့်ပြန်ထားသည်။

Source : ရိုက်တာ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here