ဖိလစ်ပိုင်နှင့် ဗီယက်နမ် ကမ်းရိုးတန်းစောင့်တပ်များ ပထမအကြိမ် ပူးတွဲ လေ့ကျင့်မည်

0
178

ဖိလစ်ပိုင်နှင့် ဗီယက်နမ် ကမ်းခြေစောင့်တပ်များသည် ရေကြောင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နှစ်နိုင်ငံ ကတိကဝတ်နှင့်အညီ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ပူးတွဲလေ့ကျင့်မှုများကို ယခုသီတင်းပတ်အတွင်း မနီလာပင်လယ်အော် ရေပြင်တွင် ပြုလုပ်သွားမည်ဟု သိရသည်။

သြဂုတ် ၉ ရက်တွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုသည် တောင်တရုတ်ပင်လယ် အစိတ်အပိုင်းအချို့နှင့်ပတ်သက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိကာ အငြင်းပွားရေလမ်းကြောင်းတွင် တရုတ် ကမ်းခြေစောင့်တပ်နှင့် ထိပ်တိုက်တွေ့နေသည့် အရှေ့တောင်အာရှနိုင်ငံနှစ်ခုအကြား ပထမဆုံးအကြိမ်ဖြစ်သည်။

ဇန်နဝါရီလအတွင်းက ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ၏ ဟနွိုင်သို့ နိုင်ငံတော်ခရီးစဉ်တွင် နှစ်နိုင်ငံ ကမ်းရိုးတန်းစောင့်တပ်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ တောင်တရုတ်ပင်လယ်တွင် မလိုလားအပ်သော ဖြစ်ရပ်များ ကာကွယ်တားဆီးရေးအတွက် ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ သဘောတူညီချက်နှစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဗီယက်နမ်၏ မီတာ ၉၀ ရှည်သော CSB 8002 သင်္ဘောသည် ငါးရက်ကြာ ခရီးစဉ်အဖြစ် တနင်္လာနေ့တွင် မနီလာဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့သည်။

ယင်းသင်္ဘောသည် ဖိလစ်ပိုင်၏ ၈၃ မီတာ အရှည်ရှိ ကမ်းလွန်ကင်းလှည့်ရေယာဉ် BRP Gabriela Silang နှင့်အတူ သောကြာနေ့တွင် ရှာဖွေ ကယ်ဆယ်ရေး၊ မီးဘေးနှင့် ပေါက်ကွဲမှုဆိုင်ရာ ကာကွယ်ရေး လေ့ကျင့်မှုများ အဓိကထား လုပ်ဆောင်သွားဖို့ရှိကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် အရာရှိများက ပြောဆိုသည်။

Ref: Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here