ရန်ကုန်တိုင်းအတွင်းရှိ အလုပ်သမားများအား မှတ်ပုံတင်ပြုလုပ်ပေးရန် စာရင်းကောက်ယူမှုများ လုပ်‌ဆောင်နေ

0
120

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်၊ စက်ရုံများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအား မှတ်ပုံတင်ပြုလုပ်ပေးရန် စာရင်းကောက်ယူခြင်းများ လုပ်ဆောင်နေကြောင်း စက်မှုဇုန်ပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်ရှိ စက်မှုဇုန်၊ စက်ရုံများတွင် လုပ်ကိုင်နေသည့်အလုပ်သမားအများစုသည် မှတ်ပုံတင်မရှိသည့်အတွက် အခက်အခဲများစွာရှိနေသည့်အတွက်ကြောင့် စက်မှုဇုန်၊ စက်ရုံပိုင်ရှင်များမှ အကုန်အကျခံ၍ မှတ်ပုံတင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

” အလုပ်သမားစာရင်းကောက်တယ်ဆိုတာက မှတ်ပုံတင်လုပ်ပေးဖို့ပါ။ တချို့တွေက ရန်ကုန်မှာအလုပ်လာလုပ်တယ်။ မှတ်ပုံတင်မရှိဘူး။ သူများမှတ်ပုံတင်တွေ ငှားပြီးလာကြရတာ။မှတ်ပုံတင်မရှိတော့ ခရီးသွားရတာလည်း အဆင်မပြေဘူး။ အဲဒါကြောင့် ဒီတစ်ခေါက်အစည်းအဝေးမှာတင်ပြလိုက်တာပါ။ ဘယ်လိုပုံစံနဲ့ လုပ်ပေးမလဲဆိုတာတော့ မသိသေးဘူး။ တခြားကြောင့်တော့မဟုတ်ပါဘူး” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မြန်မာတစ်နိုင်ငံလုံး၏ စက်မှုဇုန် ၆၅ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့တွင်ရှိပြီး ဇုန်စုစုပေါင်း ၂၉ ဇုန်ရှိကာ၊ ဇုန်တခုလျှင် အလုပ် လုပ်ကိုင်နေသည့် စက်ရုံပေါင်း ရာနှင့်ချီရှိသောကြောင့် စု စုပေါင်း စက်ရုံ ထောင်နှင့်ချီရှိကြောင်း သိရသည်။

အလားတူ စက်မှုဇုန်များကို မှီခို၍ အလုပ်လုပ်ကိုင်နေသည့် လုပ်သားဦးရေသည်လည်း သိန်းနှင့်ချီရှိပြီး အများစုမှာ နယ်မြို့များမှ လာရောက်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စက်မှုဇုန်များသည် ဩဂုတ် (၁) ရက်မှစ၍ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ လျှပ်စစ်မီးရရှိ‌နေပြီး စက်သုံးဆီများလည်း ပုံမှန်ရရှိနေသည့်အတွက် လုပ်ငန်းလည်ပတ်မှု အဆင်ပြေနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here