AA အဖွဲ့၏ လုပ်ရပ်သည် မိမိလူမျိုး မိမိပြန်ဖျက်ဆီးနေခြင်းမျိုး ဖြစ်နေသည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

0
146

ရခိုင်ပြည်နယ်အတွင်း၌ ရခိုင်လူမျိုး (၉၀)ရာခိုင်နှုန်း နေထိုင်ခြင်းကြောင့် AA အဖွဲ့ ခေါင်းဆောင်များ၏ လုပ်ရပ်များသည် ကိုယ့်လူမျိုး ကိုယ်ပြန်ဖျက်ဆီးနေသလို ဖြစ်နေသည်ကိုတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယမန်နေ့ ဩဂုတ် (၅)ရက်တွင် ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

AA အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်မှုမရှိရန် စတင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ လုံခြုံရေးစခန်းများ၊ တပ်စခန်းများကို တိုက်ခိုက်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအစုံကို ဖျက်ဆီးခဲ့ကြကြောင်း ပြောကြားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ရန်ကုန်၊ နေပြည်တော်နှင့်အခြားမြို့များသို့ တိုက်ပွဲရှောင်များအဖြစ် တိမ်းရှောင်ထွက်ပြေးခဲ့ကြရသည့်များရှိကြောင်း ဆိုသည်။

“ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးသာ ၉၀ ရာခိုင်နှုန်းနေထိုင်တာကြောင့် AA အဖွဲ့ခေါင်းဆောင်များရဲ့ လုပ်ရပ်များဟာ ကိုယ့်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေသလို ဖြစ်နေတာလည်းတွေ့ရပါတယ်။ တပ်မတော်အနေနဲ့လည်း နယ်မြေဒေသတွေ ပြန်လည်တည်ငြိမ်အေးချမ်းဖို့အတွက် ဒေသခံပြည်သူများနဲ့ပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေဒေသများ ပြန်လည်တည်ငြိမ်အေးချမ်း‌စေရန်အတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယမန်နေ့ ပြောကြားသည့် နစကဥက္ကဌ၏ မိန့်ခွန်းအတွင်း လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်မှုဖြင့် ဖြေရှင်းနေမှုများသည် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတစ်ခုနှင့် လုံးဝလက်ခံ၍မရခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကိုသာမက နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိသည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here