မဲခေါင်နှင့် ပင်လယ်ကိုဆက်သည့် တူးမြောင်း စီမံကိန်းဝန်ကြီးချုပ် ဖွင့်လှစ်ပေး

0
193

မဲခေါင်မြစ်နှင့် ပင်လယ်ပြင်ကို ချိတ်ဆက်သော အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံတန် တူးမြောင်းသစ်စီမံကိန်းကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က တနင်္လာနေ့( သြဂုတ် ၅) မှာ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မြို့တော် ဖနွမ်ပင် အရှေ့တောင်ဘက် ပရက်တာကိုတွင် ပြုလုပ်သည့် တူးမြောင်းသစ်ဖောက်လုပ်ခြင်း ဖွင့်ပွဲအခမ်းအနားတွင် ၁၈၀ ကီလိုမီတာအရှည်ရှိ စီမံကိန်းသည် သမိုင်းဝင် စီမံကိန်းတစ်ခုအဖြစ် မာနက်က မှတ်ချက်ပြုခဲ့ပြီး ဘင်ခရာတီးခတ်မှုများ၊ မီးရှုးပစ်ဖောက်ခြင်းများဖြင့် စီမံကိန်းကို ဖွင့်လှစ်ပေးခဲ့သည်။

“ဖြစ်နိုင်သမျှ နည်းလမ်းစုံသုံးပြီး ကျွန်တော်တို့ ဒီတူးမြောင်းကို တည်ဆောက်သွားမှာပါ” ဟု ၎င်းက ပြောဆိုသည်။ 

Funan Techo တူးမြောင်း ပြီးမြောက်ခဲ့ပါက ဖနွမ်ပင်မြို့ အရှေ့တောင်ဘက် တစ်နာရီခန့်မောင်းနှင်သွားရသော အကွာအဝေးရှိ မဲခေါင်မြစ်တစ်နေရာကနေ ထိုင်းပင်လယ်ကွေ့သို့ ဆက်သွယ်ပေးမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယင်းစီမံကိန်းသည် သင်္ဘောများသွားလာမှုအတွက် သို့မဟုတ် ဆည်ရေသောက်စနစ်အတွက် အဓိကရည်ရွယ်သလားဆိုသည်နှင့် စီမံကိန်းအတွက် မည်သူက ရန်ပုံငွေပေးမည်၊ ကမ္ဘာ့အရှည်ဆုံး မြစ်များတွင် တစ်ခုဖြစ်သော မဲခေါင်မြစ်၏ စီးဆင်းမှုကို မည်သို့ အကျိုးသက်ရောက်မှုရှိမည်ဆိုသည်တို့ အပါအဝင် မသေချာ မရေရာမှုများ ရှိနေသည်ဟု ဆိုသည်။

ကမ္ဘာ့ရေချို ငါးဖမ်းမှု၏ လေးပုံတစ်ပုံနှင့် ဗီယက်နမ် ဆန်စပါး ထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို ထောက်ပံ့ပေးသည့် မဲခေါင်မြစ်သည် အခြေခံအဆောက်အဦ စီမံကိန်းများ၊ ရေထုညစ်ညမ်းမှု၊ သဲတူးဖော်မှုနှင့် ရာသီဥတု ဖောက်ပြန်မှုတို့ကြောင့် အန္တရာယ်ရှိနေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက သတိပေးထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် မြစ်၏ အရင်းအမြစ်များကို ခွဲဝေသုံးစွဲမှုကို ထိန်းချုပ်သည့် မဲခေါင်မြစ်ကြောင်းဆိုင်ရာ သဘောတူညီချက်ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ကမ္ဘောဒီးယားအစိုးရက တူးမြောင်းနှင့်ပတ်သက်သည့် ၎င်း၏ အစီအစဉ်များကို မဲခေါင်မြစ်ကြောင်း ကော်မရှင်ထံ အကြောင်းကြားထားသော်လည်း ဗီယက်နမ်က စီမံကိန်းနှင့် ပတ်သက်၍ အချက်အလက်များကို ပိုမိုပြည့်စုံစွာလိုချင်ကြောင်း ပြောထားသည်။

Ref: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here