ရုရှားနှင့် ဆက်ဆံရေး တိုးမြှင့်ရေး အီရန် ဦးစားပေး

0
438

ရုရှားနိုင်ငံနှင့် ဆက်ဆံရေးချဲ့ထွင်မှုသည် အီရန်၏ နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးအကြောင်းအရာများထဲမှာ ပါဝင်ကြောင်း အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က တနင်္လာနေ့တွင် ပြောဆိုကြောင်း အီရန်အစိုးရ သတင်းအေဂျင်စီ IRNA က ဖော်ပြသည်။

အီရန်မြို့တော် တေရန်တွင် ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေး ရှိုင်အီဂူနှင့် တွေ့ဆုံစဉ်သူက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံသည် အီရန်၏ မဟာဗျူဟာ မိတ်ဖက်ဖြစ်ကြောင်းလည်း ထုတ်ပြောခဲ့သည်။

ရုရှားသည် ခက်ခဲသော ကာလများအတွင်း အီရန်ဘက်မှ ရပ်တည်ခဲ့သည့် နိုင်ငံများတွင် ပါဝင်ကြောင်းနှင့် ယခင်က နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များကိုအကောင်အထည်ဖော်ရေးကိုအရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပီဇက်ရှ်ကီယန်က အလေးထားပြောဆိုသည်။

အမေရိက အပါအဝင် ကမ္ဘာ့ပေါ်ရှိ အင်အားကြီးနိုင်ငံအချို့၏ တစ်ဖက်သတ်ဝါဒခေတ် ကုန်ဆုံးပြီဖြစ်ပြီး နိုင်ငံအားလုံးပါဝင်သော ကမ္ဘာကို မြှင့်တင်ရေးသဘောထားနှင့်အညီ အီရန်နှင့် ရုရှားအကြား ပူးပေါင်းဆောင်ရွက်မှု၊ ရပ်တည်ချက်များကို ပေါင်းစပ်ခြင်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို သေချာပေါက် ဖော်ဆောင်ပေးနိုင်မှာဖြစ်ကြောင်း ပီဇက်ရှ်ကီယန်က ဆိုခဲ့ကာ ဒေသတွင်းနှင့် နိုင်ငံတကာတွင် တေရန်နှင့် မော်စကိုအကြား ပူးပေါင်းဆောင်ရွက်မှု အရေးပါပုံကို အလေးထား ပြောဆိုခဲ့သည်။
          
ထို့အပြင် အီရန်သမ္မတက ဂါဇာတွင် အစ္စရေး၏ ကြောက်မက်ဖွယ် ရာဇဝတ်မှုကျူးလွန်ခြင်းများနှင့် ဒေသတွင်း စစ်မက်ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေမှုများအပေါ် ထုတ်ဖော်ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသရှိ အဖိနှိပ်ခံ အကာအကွယ်မဲ့ ပါလက်စတိုင်းပြည်သူများအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းများ၊ အီရန်ရောက် ဟားမတ်စ်အဖွဲ့၏ နိုင်ငံရေး ခေါင်းဆောင် အီစမိုင် ဟာနီယက်ကို လုပ်ကြံသ–တ်ဖြ–တ်သည့် အစ္စရေး၏ လုပ်ရပ်များသည် နိုင်ငံတကာ ဥပဒေ၊ စည်းမျဉ်းအားလုံးကို ချိုးဖောက်သည့် ထင်ရှားသော သာဓကများဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အီရန်အနေဖြင့် အနောက်အာရှဒေသရှိ ပဋိပက္ခနှင့် အကျပ်အတည်း နယ်ပယ် ကျယ်ပြန့်သွားစေရန် မည်သည့်နည်းနှင့်မျှ ကြိုးပမ်းမည်မဟုတ်ကြောင်း သို့သော်လည်း အစ္စရေးသည် ၎င်း၏ ရာဇဝတ်မှုနှင့် စော်ကားမော်ကားလုပ်ရပ်များအတွက်ကိုမူ လက်တုန့်ပြန်မှုကို သေချာပေါက် ကြုံရမှာဖြစ်ကြောင်းလည်း ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးနှင့် ဆွေးနွေးမှုအတွင်း အီရန်သမ္မတက ပြောဆိုသွားခဲ့သည်။

Ref: ဆင်ဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here