တနင်္သာရီမြို့၌ ရေကြီးရေလျှံမှုကြောင့် ယာယီ ပိတ်ထားခဲ့ရသည့် အခြေခံပညာ ကျောင်းများအနက်မှ (၂၈) ကျောင်း ပြန်လည်ဖွင့်လှစ်

0
85

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအနက်မှ (၂၈) ကျောင်းကို ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇူလိုင်လ ပထမပတ်မှစ၍ တနင်္သာရီမြို့နယ်၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် မြစ်ရေမှာ တဖြည်းဖြည်း မြင့်တက်လျက်ရှိရာ တနင်္သာရီမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုများကြောင့် ဇူလိုင် (၂၉)ရက်မှ စတင်၍ အခြေခံပညာကျောင်း (၅၃) ကျောင်းကို ယာယီပိတ်ထားရကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများအတွင်း ရေဝင်ရောက်ခြင်း၊ဆရာ/ ဆရာမများ၊ကျောင်းသား / ကျောင်းသူများ သွားလာရာတွင် အခက်အခဲရှိခြင်း၊ အန္တရာယ်ရှိနိုင်ခြင်းတို့ကြောင့် ကျောင်းများ ယာယီပိတ်ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သရီမြစ်ရေမှာ သြဂုတ် (၁)ရက်မှ စတင်၍ တဖြည်းဖြည်းလျော့ကျလာခဲ့ရာ သြဂုတ် (၅)ရက် နံနက်မှ စတင်၍ ကျောင်း (၂၈)ကျောင်းကို သန့်ရှင်းရေးပြုလုပ်ပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် အနိမ့်ပိုင်းရှိ (၂၅)ကျောင်းကိုလည်း မြစ်ရေထပ်မံကျဆင်းပါက ဆက်လက်ဖွင့်လှစ်နိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းများ ပိတ်ထားရသည့် ရက်များတွင် မသင်ကြားခဲ့ရသည့် သင်ခန်းစာများ အခက်အခဲ မဖြစ်စေရန် မြစ်ရေများ ပြန်လည်ကျဆင်းပြီး ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ပါက ကျောင်းပိတ်ရက် အပတ်စဉ် တနင်္ဂနွေ/ ဥပုသ်နေ့များ ပြန်လည် အစားထိုး သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများ မြင့်တက် ရေကြီး ရေလျှံမှုများကြောင့် အခြေခံပညာကျောင်းပေါင်း (၄၀၀)ကျော်အထိ ယာယီ ပိတ်ထားခဲ့ရပြီး လက်ရှိ ရေပြန်ကျသည့် ဒေသအချို့မှ ကျောင်းများကို သန့်ရှင်း‌ရေးပြုလုပ်ပြီး စိစစ်၍ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here