မြန်မာ၏ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းစဉ်တွင် ထိုင်းက ပံ့ပိုးကူညီနိုင်ရေး နှစ်နိုင်ငံဆွေးနွေး

0
331

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား လက်ခံတွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသအပါအဝင် နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်/ထွက် သွားလာနိုင်ရေးနှင့် တရားမဝင် ဝင်/ထွက်မှုမရှိစေရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့ကို ဩဂုတ်လ (၆) ရက်၊ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် လာမည့်အောက်တိုဘာလအတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ ဒေသအချို့တွင် ရက်တိုးမြှင့်ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ အရေးကြီးမှုနှင့် မြန်မာနိုင်ငံ၏ သန်းခေါင် စာရင်းကောက်ယူခြင်း လုပ်ငန်းအပေါ် လိုအပ်သည်များရှိပါက ထိုင်းနိုင်ငံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုနှင့် မြန်မာနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများအား ရှာဖွေကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ နှစ်နိုင်ငံနယ်စပ်ဒေသအပါအဝင် နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်/ထွက် သွားလာနိုင်ရေးနှင့် တရားမဝင် ဝင်/ထွက်မှုမရှိစေရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေ၊ နှစ်နိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် Online ဂိမ်းများဖြင့် လိ-မ်လည်မှုများဆောင်ရွက်နေသူများကို ထိရောက်စွာတားဆီးကာကွယ်နိုင်ရေးအတွက် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here