KNU အနေဖြင့် NCA ကိုချိုးဖောက်၍ စစ်တောင်းမြစ်ဝှမ်းတစ်ဝှိက် တိုက်ကွက်များဖော်ဆောင်ရန် ပူးပေါင်းကြံစည်နေ

0
225

ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် NCA ကိုချိုးဖောက်၍ စစ်တောင်းမြစ်ဝှမ်းတစ်ဝှိက် တိုက်ကွက်များ
ဖော်ဆောင်ရန် ပူးပေါင်းကြံစည်နေကြောင်း သတင်းရရှိထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

“KNU အနေနဲ့ တပ်မဟာ(၁၊ ၃၊ ၅) သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ကွက်များဖော်ဆောင်နိုင်ရေးလက်ရှိ KNU ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည် လျက်ရှိနေတယ်ဆိုတဲ့ သတင်းကိုလည်း ရရှိထားပါတယ်။”ဟု ပြောကြားသည်။

ဩဂုတ်(၅)ရက် ညနေပိုင်းတွင်နိုင်ငံတော် လုံခြုံရေးဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍ ပြည်သူထံသို့ အသိပေးပြောကြားသည့် မိန့်ခွန်းအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို အကြမ်းဖက်သင်တန်းများ သင်ကြားလေ့ကျင့်ပေးခြင်းများ၊ လက်နက်များတပ်ဆင်ပေးခြင်းကိုပြုလုပ်ခဲ့ကြပြီးကရင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်စခန်းများ၊မြို့ရွာများကို အင်အားသုံးတိုက်ခိုက်ခြင်းများ လုပ်ဆောင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်တွင် ကော့ကရိတ်မြို့ကို လည်းကောင်း၊၂၀၂၄ ခုနှစ် ဧပြီလ (၅) ရက်တွင် သင်္ကန်းညီနောင်မြို့ နှင့် ဧပြီလ (၁၀) ရက်တွင်း မြဝတီမြို့တို့ကို တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

ထိုသို့သော တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူလူထု၏လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာပျက်စီးခဲ့ရကြောင်း၊ မြန်မာပြည်သူလူထု အားထားနေရသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ရပ်ဆိုင်းခဲ့ရပြီးပြည်သူလူထုနှင့် နိုင်ငံအတွက် များစွာနစ်နာခဲ့ရကြောင်း တစ်ဆက်တည်းပြောကြားခဲ့သည်။

ယင်းအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများက ဒေသတွင်း အမြန်ဆုံးတည်ငြိမ်အေးချမ်းမှုရရှိရေးဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

ကုလသမဂ္ဂ၏ အစီရင်ခံစာတစ်ခုတွင် တိုက်ပွဲများကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု (၃)သန်းကျော်မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပြီး၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်းကြောင့် ကုန်စည်စီးဆင်းမှုများရပ်တန့်ကာ ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး၊ လူဦးရေ (၁၃)သန်းခန့်မှာ စားရေရိက္ခာအခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။

ပုံစာ_ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၏ (၁၇) ကြိမ်မြောက် ကွန်ကရက် ကျင်းပနေသည့်မြင်ကွင်း (KNU)


LEAVE A REPLY

Please enter your comment!
Please enter your name here