အနည်းဆုံးလုပ်ခလစာ (၆၈၀၀) ကျပ် အဖြစ် တိုးမြှင့်သတ်မှတ်

0
229

လက်ရှိ အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ အပြင် ထပ်မံ၍ ကျပ် (၁၀၀၀) ကျပ် ခံစားခွင့်ပြုခဲ့သဖြင့် အနည်းဆုံးလုပ်ခ (၆၈၀၀) ကျပ်အဖြစ် သတ်မှတ်လိုက်ကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄) ဩဂုတ်လ (၉) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ အနည်းဆုံး လုပ်ခလစာ (၆၈၀၀) ကျပ်ကို ယခုဩဂုတ်လ (၁) ရက်မှစတင်၍ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အနည်းဆုံးအခကြေးငွေ နှုန်းထားများကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ(ဃ)နှင့်အညီ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်၍ ဆုံးဖြတ်ခဲ့သည့် “ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆ဝဝ ကျပ်(ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်ချိန် (၈) နာရီ (တစ်ရက်) အတွက် ၄,၈ဝဝ ကျပ် (လေးထောင့်ရှစ်ရာကျပ်)” ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အမျိုးသားကော်မတီမှ ၂၀၁၈ ခုနှစ် ၊ မေလ (၁၄) ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၁၈)ဖြင့် ထုတ်ပြန်သတ်မှတ်ထားခြင်း ဖြစါသည်။

ထိုသို့ အနည်းဆုံးအခကြေးငွေနှုန်း အလုပ်ချိန် (၈) နာရီ တစ်ရက်အတွက် (၄၈၀၀) ကျပ် သတ်မှတ်ခဲ့ခြင်း အပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှစ၍ အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ် (တစ်ထောင်ကျပ်တိတိ)ကို အလုပ်လုပ်သော ရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ (၉) ရ က် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃) ဖြင့် ခံစားခွင့်ပြုပြီးဖြစ်သည်။

အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ၏ “ လုပ်ခကို အလုပ်ချိန် တစ်နေ့(၈)နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ (၄၈၀၀) ကျပ် အပေါ်တွင် အပိုထောက်ပံ့ကြေး (၁၀၀၀) ကျပ် ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ လစဉ်ခံစားခွင့်ပြုခဲ့သည်။

ယခုတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁) ရက်မှစ၍ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး (၁၀၀၀) ကျပ် အပြင် ထပ်မံ၍ (၁၀၀၀) ကျပ် ကို အပိုထောက်ပံ့ကြေးအဖြစ် အလုပ်လုပ်သော ရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုမည်ဖြစ်သည်။

အဆိုပါ သတ်မှတ်ချက်သည် အလုပ်သမား (၁၀) ဦးအောက်ရှိလုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တနိုင်လုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်း သိရသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာ (၉) ရက်ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃) ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here