ပို့ကုန်ရငွေမူဝါဒ ပြောင်းထား၍ပို့ကုန်များ ပြည့်မီကျော်လွန်စွာ တင်ပို့သွားရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

0
221

ပို့ကုန်များကို လအလိုက် တင်ပို့ရန် လျာထားသတ်မှတ်ပြီးဖြစ်၍ သတ်မှတ်လျာထားချက်အတိုင်း ပြည့်မီကျော်လွန်စွာ တင်ပို့သွားရန်လိုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။

ဩဂုတ် (၉) ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ပို့ကုန်တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ချက်ကို နိုင်ငံတော်မှ ဩဂုတ် (၈) ရက်တွင် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်သဖြင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ကဏ္ဍတိုးမြှင့် တင်ပို့နိုင်ရေးကို ဘက်ပေါင်းစုံမှ အလေးထားဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

အဆိုပါပြောင်းလဲလာသည့်မူဝါဒကြောင့် ပို့ကုန်လုပ်ငန်းရှင်များလည်းအသက်ရှုချောင်လာမည်ဟု ယူဆထားကြသည်။

ဆန်၊ ပဲ၊ ပြောင်း၊ ရေထွက်ပစ္စည်း၊ ရော်ဘာနှင့် ကုန်ထုတ်ပစ္စည်းအစရှိသည့် ပို့ကုန်များကို လအလိုက် တင်ပို့ရန်လျာထားသတ်မှတ်ပြီးဖြစ်၍ သတ်မှတ်လျာထားချက်အတိုင်း ပြည့်မီကျော်လွန်စွာ တင်ပို့သွားရန်လိုကြောင်း၊ CMP အထည်ချုပ်လုပ်ငန်းများ၊ ငါး၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်းများ ပိုမိုတင်ပို့ရန်တို့ကို မဖြစ်မနေ အားသွန်ခွန်စိုက် ဆောင်ရွက်စေလိုကြောင်း၊ ပြည်တွင်း MSME စက်မှုလုပ်ငန်းများကို အား ပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

၂၀၂၄ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးများကို ပင်လယ်ရေကြောင်းမှ ဆောင်ရွက်ခဲ့မှုများရှိသကဲ့သို့ နယ်စပ်ဒေသမှလည်း ကုန်သွယ်မှုများဆောင်ရွက်ခဲ့ပြီး ကိန်းဂဏန်းများအရ အပေါင်း လက္ခဏာရှိခဲ့ကြောင်း နစက ဥက္ကဋ္ဌက ပြီးခဲ့သည့် ဇူလိုင် (၂၉) ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှ တ်စဉ် (၆/၂၀၂၄)တွင် ပြောကြားခဲ့သည်။

ထို့ပြင် နယ်စပ်ဒေသများမှ တရားမဝင် ကုန်သွယ်မှုများ ရှိနေသည်ကိုလည်း နေ့စဉ်သိရှိနေရပြီး အဆိုပါ တရားမဝင် ကုန်သွယ်မှုကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိသည့်အတွက် ကုန်သွယ်မှုနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန် လိုအပ်နေသေးကြောင်းလည်း နစက ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သေးသည်။

ထို့ကြောင့် လမ်းညွှန်မှာကြားချက်များနှင့်အညီ ကုန်သွယ်မှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဖြင့် အလေးထားဆောင်ရွက်ရန်နှင့် ဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားရေးကို တိုးတက်အောင် ကြိုးစားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက ယမန်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ပို့ကုန်လုပ်ငန်းရှင်များအား တိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here