အရှေ့အလယ်ပိုင်းသို့ ရေငုပ်သင်္ဘောစေလွှတ်ရန် ကန် ကာကွယ်ရေးဝန်ကြီး အမိန့်ပေး

0
450

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အရှေ့အလယ်ပိုင်း ဒေသသို့ ပဲ့ထိန်းဒုံးတပ် ရေငုပ်သင်္ဘောစေလွှတ်ရန် အမိန့်ပေးခဲ့ပြီး ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်း တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောအုပ်စုသကိုလည်း အဆိုပါ ဒေသသို့ အမြန်ခုတ်မောင်းရန်လည်း အမိန့်ပေးခဲ့သည်။

ဟားမတ်စ်နှင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့တို့၏ အကြီးတန်းတပ်မှူးများ အသတ်ခံရပြီးနောက် ဒေသတွင်း တင်းမာမှုများကြီးထွားလာချိန်တွင် အော်စတင်နှင့် အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Galant တို့ ဖုန်းပြောဆိုခဲ့ကြသည်။ ယင်းနောက် တနင်္ဂနွေနေ့ညနေပိုင်းတွင် အော်စတင်၏ အမိန့် ထွက်လာခဲ့သည်။

“အစ္စရေးကို ကာကွယ်ရေးအတွက် လုပ်ဆောင်နိုင်တာအားလုံး လုပ်သွားမယ်ဆိုတဲ့ အမေရိကန်ရဲ့ ကတိကဝတ်အား ထပ်လောင်းအတည်ပြုခဲ့ပြီး ဒေသတွင်း ပြင်းထန်လာသော တင်းမာမှုများအရ အရှေ့အလယ်ပိုင်းတခွင်မှာ အမေရိကန်တပ်ဖွဲ့ အင်အားနှင့် စွမ်းဆောင်ရည်ကို အားကောင်းစေဖို့ အလေးဂရုပြုထားသည်” ဟု အော်စတင်က ပြောဆိုကြောင်း ပင်တဂွန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်စစ်တပ်က ဆိုရှယ်မီဒီယာတွင် တင်ခဲ့သော ပို့စ်တစ်ခုအရ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်စ်အက်စ် ဂျော်ဂျီယာသည် ဇူလိုင်လကတည်းက မြေထဲပင်လယ်ဒေသမှာ ရောက်ရှိနေခဲ့သည်ဟု သိရသည်။ သို့ရာတွင် ရေငုပ်သင်္ဘောဖြန့်ကျက်စေလွှတ်မှုကို အမေရိက က လူသိရှင်ကြား ထုတ်ပြန်ကြေညာမှုမျိုးသည် ရှားပါးဖြစ်စဉ်ဟုဆိုသည်။

အေဘရာဟမ်လင်ကွန်းသည် အာရှ-ပစိဖိတ်ဒေသတွင် ရှိနေခဲ့ခြင်းဖြစ်ပြီး နောက်တန်းသို့ပြန်ရန် စီစဉ်နေပြီဖြစ်သည့် ယူအက်စ်အက်စ် သီအိုဒိုရုစဗဲ့လ် တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောအုပ်စု၏ အရှေ့အလယ်ပိုင်းဒေသသို့ အစားထိုးဝင်ရောက်ရန် အမိန့်ကျထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်၌ အော်စတင်က ပြောဆိုခဲ့ရာတွင် ယူအက်စ်အက်စ် အေဘရာဟမ်လင်ကွန်းသည် လကုန်ပိုင်းတွင် အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိနိုင်ရန် မျှော်လင့်ကြောင်း ဆိုခဲ့သည်။ အဆိုပါလေယာဉ်တင်သင်္ဘောပေါ်တွင် F-35 နှင့် F/A-18 တိုက်လေယာဉ်များ ပါရှိကြောင်း သိရသည်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here