စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ပြောင်း

0
471

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် တစ်ပိဿာ ကျပ် ၆၀၀၀ နီးပါးဖြစ်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည့်ဈေးနှုန်းအရ သိရသည်။

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် တစ်ပိဿာ (၅၉၄၅) ကျပ်ဖြစ်ပြီး ပြီးခဲ့သည့် တစ်ပါတ် လက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာ ငွေကျပ် ၅၇၈၀ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြင်ပဈေးကွက်တွင်လည်း တစ်ပိဿာ ကျပ် ၁၅၀၀၀ အထိ မြင့်တက်နေပြီး ဝယ်ယူရခက်ခဲနေကြောင်း ဝယ်ယူသုံးစွဲသူများ၏ ပြောပြချက်အရ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည် တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဩဂုတ် (၁၂) ရက်မှ ဩဂုတ် (၁၈) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၉၄၅ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

ယခုအခါ အရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူရန်အခက်အခဲရှိသော အိမ်ထောင်စုများအနေဖြင့် စားအုန်းဆီများကို မိသားစုတစ်စုတစ်လစာဝယ်ယူနိုင်ရန် ၊ လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက်တစ်ကြိမ်လျှင် နှစ်ပိဿာနှုန်းဖြင့် ဝယ်ယူနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးထားသော်လည်း ဝယ်ယူသူအချို့ ဖုန်းဆက်မှာမရကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here