နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များပါဝင်နိုင်အောင် ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌပြော

0
75

လူငယ်များကို စနစ်တကျ မှန်မှန်ကန်ကန် လေ့ကျင့်ပျိုးထောင်ပေးကာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များပါဝင်နိုင်အောင် ချမှတ်ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောသည်။

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(င) ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ယမန်နေ့ ဩဂုတ် (၁၂) က တက်ရောက် အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြောကြားရာတွင် မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင်နှုန်းကျော်သည် လူငယ်များဖြစ်ကြောင်း သိရှိရသည့်အတွက် မြန်မာနိုင်ငံသည် လူငယ်ထုအင်အား၊ တစ်နည်းအားဖြင့် လုပ်သားအင်အားများပြားသည့် အခြေအနေကောင်းကို ရရှိပိုင်ဆိုင်ထားကြောင်း၊ စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ်မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံကြသည့် လူငယ်များဖြင့်သာ နိုင်ငံကိုကောင်းအောင် တည်ဆောက်သွားနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်သွားကြရန် မှာကြားလိုကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် နစကအစိုးရသည် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအတွက် အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိနေကာ နိုင်ငံတော်ကိုအကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော် မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး၊ ပြည်နယ် လူငယ်ရေးရာကော်မတီတို့ကို ဖွဲ့စည်းထားရှိပေးပြီးဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ထို့နောက်အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း Video Clip အားကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရထူးချွန်လူငယ်များ၊ မသန်စွမ်းလူငယ်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ ရေကြောင်းနှင့် လေကြောင်းလူငယ်များ၊ ကြက်ခြေနီနှင့် ကင်း ထောက်လူငယ်များ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်ဖွံ့ဖြိုးရေဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် တာ ဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here